Tuesday, 21 December 2010
တန်ဖိုးထား ထိန်းသိမ်းရမယ့် မိန်းမသား ဘဝ
မိန်းမသားတွေရဲ့ဘ၀မှာ ဆောင်ရန်၊ ရှောင်ရန်တွေ အရမ်းကိုများပါတယ်။ မိန်းမသားတွေက ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ ယောက်ျားလေးတွေက သူတို့ ကိုယ်တိုင်ကသာ ရှုပ်ချင်ပေမယ့် ကိုယ်ယူမယ့် မိန်းကလေးကိုတော့ ခြောက်ပြစ်ကင်း စေချင်တယ်တဲ့။ ဒါကဖတ်ဖူးတဲ့ စာသားလေး တစ်ခုပါ။ ပြောချင်တာက ယောက်ျားကောင်းရဖို့ အတွက် တန်ဖိုးရှိအောင်နေရမယ်လို့ ဆိုချင်တာမဟုတ်ပါဘူး။ ဘာအတွက်ပဲဖြစ်ဖြစ် မိန်းကလေးတွေက မိမိတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့အပြုအမူတွေက ကိုယ်အတွက် ဘာမှ မဖြစ်လောက်ဖူးလို့ထင်ပေမယ့် သူများအမြင်မှာ အထင်သေးစရာ ဖြစ်တတ်ပါတယ်။ ဥပမာ- ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ မိန်းကလေးက သူရဲ့ စိတ်မှာ ဘာမှ မရှိဘဲ သူရဲ့ ယောက်ျားလေးဆန်တဲ့စိတ်ကြောင့် ပြောဆိုဆက်ဆံတာ ပွင့်လင်းပြီး သွက်လက်နေတတ်ပါတယ်။ ပွင့်လင်းဖော်ရွေတာက ကောင်းတဲ့လက္ခဏာဖြစ်ပေမယ့် ဒါကို နားလည် မပေးတတ်တဲ့သူတွေကတော့ ဒီမိန်းကလေး အနေအထိုင်ရဲတင်းလိုက်တာလို့ထင်တတ်ကြပါတယ်။ ပြီးတော့ အထင်အမြင်သေးတတ်ကြပါတယ်။ ထင်တဲ့သူတွေဘက်ကကြည့်ရင်လည်း မမှားပါဘူး။ လူအမျိုးမျိုး၊ စိတ်ထားအမျိုးမျိုးတွေရှိတတ်ကြကြောင့်ပါ။ အမှန်ကတော့ မိန်းကလေး က မိန်းကလေး ပီပီနေသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ဘ၀ပေးအခြေအနေကြောင့် ဒီလိုပုံစံတွေ ရှိလာတတ်တာပါ။ မိန်းမသားတွေက မိန်းမဆန်ဆန်နဲ့ ပွင့်ပွင့်လင်းပုံစံရှိအောင်နေထိုင်မယ်ဆိုရင်တော့ အများရဲ့ အပြောကိုမခံရနိုင်တော့ပါဘူးလို့ထင်ပါတယ်။ ရဲတင်းတဲ့ပုံစံမဟုတ်ဘဲ ရဲရင့်တဲ့ပုံစံ ဖြစ်သင့်ပါတယ်။
နောက်ပြီးမိန်းကလေးတွေက ခေတ်ဆန်တတ်ကြပါတယ်။ ခေတ်ဆန်တာနဲ့ ခေတ်မီတာ မတူပါဘူး။ ခေတ်ဆန်တဲ့မိန်းကလေးတွေဆို အကောင်းမြင်လည်း ခဏပါ။ များသောအားဖြင့်တော့ ဒီမိန်းကလေးက ခေတ်ဆန်လိုက်တာဆိုပြီး negative view တွေနဲ့ဘဲ ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ခေတ်တော့မီသင့်ပါတယ်။
မိန်းကလေးတွေက အထူးသဖြင့် ယောက်ျားလေးတွေနဲ့ ပြောဆိုဆက်ဆံရာမှာလည်း မိန်းကလေးပီပီ အိနြေ္ဒရေရရ ပြောဆိုဆက်ဆံသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရင်းရင်းနှီးနှီးနဲ့ ယောက်ျားလေးတွေနဲ့ တန်းတူ ပြောဆိုဆက်ဆံခဲ့ရင် အထင်မြင်သေးခြင်းခံရတတ်ပါတယ်။ ပြီးတော့ တန်ဖိုးလည်းမထားတတ်ကြပါဘူး။ မိန်းကလေးပီပီ အိနြေ္ဒရေ သိက္ခာရှိရှိ ပြောဆိုနေထိုင်သင့်ပါတယ်။ ဒါမှလည်း မိမိကိုယ်ကို တန်ဖိုးထားရာ ရောက်ပါမယ်။
မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ သဘာဝချင်းကစပြီး မတူညီတဲ့ အတွက် ဘာကိုဘဲလုပ်လုပ် မိမိရဲ့ မိန်းကလေးဆိုတဲ့ သဘာဝကိုတော့ ကျော်လွန်ပြီး မတွေးသင့်သလို၊ မလုပ်ဆောင်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကိုပဲ လုပ်လုပ် မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးကို လျော့ပါးစေမယ့် အပြုအမူမျိုး မဖြစ်သင့်ပါဘူး။ အထူးသဖြင့် မြန်မာမိန်းကလေးတွေက မိမိတို့ရဲ့ တန်ဖိုးကို ကျဆင်းမသွားအောင် မိမိတို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာနေထိုင်သင့်တယ်လို့ ထင်ပါတယ်။
မိန်းကလေးတွေကလည်း မိန်းမသားပီပီ ပြောဆိုနေထိုင် ဆက်ဆံသင့်သလို၊ အများကလည်း ပွင့်လင်း သွက်လက်တဲ့ မိန်းကလေးတိုင်းကို ရဲတင်းလိုက်တာလို့မတွေးဘဲ အကောင်းဘက်ကနေ ဖြည့်တွေးပြီး ပြောဆိုသင့်တယ်လို့ထင်ပါတယ်။ ခေတ်ဆန်တဲ့မိန်းကလေးတွေ မဟုတ်ဘဲ ခေတ်မီတဲ့ မိန်းကလေးတွေ ဖြစ်ပြီး မိမိဘ၀ကို တန်ဖိုးထားတတ်သော မိန်းကလေးများ ဖြစ်သင့်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ ဘ၀ဟာ ခြေတစ်လှမ်းမှားလိုက်တာနဲ့ တစ်ဘ၀စာပြင်မရတဲ့ အမှားတွေ ဖြစ်လာတတ်လို့ပါ။ ဒါကြောင့် မိန်းကလေးတိုင်း မိမိကိုယ်ကို တန်ဖိုးထားတတ်ပြီး အိနြေ္ဒရှိရှိနဲ့ မိန်းမ ပီသသော မိန်းမသားတွေ ဖြစ်စေချင်ပါတယ်။
Saturday, 11 December 2010
နိယာမ
တန်ပြန် သက်ရောက်မှုရှိတယ်လို့ သူတို့တွေက ပြောကြတယ်။
ကိုယ်ကပြုံးပြလျှင် သူပြုံးပြတယ်။
ကိုယ်ကမဲ့တော့ သူပြန်မဲ့တယ်တဲ့။
ကိုယ်ကချစ်နေပေမယ့် သူပြန်မချစ်တော့....
ဘာနိယာမလို့ ခေါ်ကြမလဲဗျာ....။
Wednesday, 1 December 2010
ကျွန်မ ဘ၀ရဲ့ အဖော်မွန်လေးများ
ကျွန်မရဲ့ အဖော်မွန်လေးတွေကတော့ အထူးသဖြင့် စာအုပ်၊ စာပေနဲ့ ဂီတပါ။ ငယ်စဉ် ကလေးဘ၀ကနေ ကျောင်းပြီးဘွဲ့ရတဲ့အထိ အဖော်မွန်လေးတွေကတော့ စာအုပ်တွေရယ်၊ သီချင်းတွေရယ်၊ အားကစားရယ်ပါ။ ကျွန်မ ငယ်ငယ် ကျောင်းနေစဉ်က အဖော်မွန်တွေကတော့ တို့ကျောင်းသား၊ တေဇ စာစောင်လေးတွေပါ။ ဖေဖေရော၊ မေမေပါ စာဖတ်ဝါသနာပါကြတော့ ကျွန်မအတွက် ဒီစာစောင်လေးတွေကို လစဉ်ဝယ်ပေးပါတယ်။ အဲဒီလိုနဲ့ စာဖတ်ဝါသနာပါလာတော့ စာအုပ်တွေက ကျွန်မရဲ့ အဖော်မွန်လေးတွေ ဖြစ်လာပါတယ်။
ဂီတကလည်း လူတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေတယ်လို့ ကြားဖူးပါတယ်။ လူတိုင်းလည်းကြားဖူးမှာပါ။ တစ်ခါတစ်ရံ အလုပ်တွေရှုပ်နေတာတို့၊ စိတ်တွေရှုပ်နေတာတို့ဆိုရင် ကြိုက်တဲ့ သီချင်းလေး နားထောင်လိုက်ရင် အလုပ်ရှုပ်တာတွေ၊ စိတ်ရှုပ်တာတွေ ခဏမေ့ပြီး စိတ်ကြည်နူးမှုလေးတွေရလာပါတယ်။
ကျွန်မကတော့ အဲဒီလိုအချိန်ဆိုရင် သီချင်းအေးအေးလေးတွေ နားထောင်တတ်ပါတယ်။
နောက်တစ်ခုက ကျွန်မ ငယ်ငယ်က အားကစား အရမ်းကို ၀ါသနာကြီးခဲ့ပါတယ်။ အခုထိလည်း အဲဒီဝါသနာ ရှိနေတုန်းပါဘဲ။ ငယ်ငယ်က ဘတ်စ်ကတ်ဘော ကစားပါတယ်။ ညနေတိုင်း ကစားပါတယ်။ တစ်ခါတစ်ရံ နေမကောင်းသလို ဖြစ်နေရင် ညနေမှာ သွား မကစားရမှာ စိုးလို့ နေကောင်းချင်ယောင်ဆောင်ပြီး အိမ် အလုပ်တွေကူ၊ စာတွေ ကျက်ပြနေရတယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တာ၊ စကားမပြောဖြစ်တာရှိခဲ့ရင်တောင်မှ ပျင်းတယ်၊ အထီးကျန်ဆန်တယ်လို့ မခံစားရဘူး။ စာအုပ်ဖတ်ရင်ဖတ်၊ သီချင်းနားထောင်ရင်ထောင်၊ ညနေရောက်ရင် ကစားနဲ့ဘဲ ကျွန်မရဲ့ အားလပ်ချိန်လေးတွေ ကုန်ဆုံးသွားတာပါ။
ကျောင်းပြီးလို့ အလုပ်ခွင်ဝင်တော့ အားကစားကလွဲပြီး စာအုပ်နဲ့ သီချင်းလေးတွေက ကျွန်မရဲ့အဖော်မွန်အဖြစ် ဆက်ရှိနေပါတယ်။
အခု အမိမြေနဲ့ဝေးတဲ့ဆီမှာ ပညာသင်လာနေချိန်မှာတော့ ကျွန်မမှာ အဖော်မွန်လေးတွေတိုးလားတယ်။ ဒါပေမယ့် စာဖတ်နှုန်းတော့နည်းသွားတယ်။ ဒီဘလော့ခ်လေးကလည်း ကျွန်မဘ၀ရဲ့ အဖော်မွန်ထဲက တစ်ခုပါ။ နောက်တိုးလာတာတွေကတော့ မြန်မာဗွီဒီယို ၀က်ဘ်ဆိုဒ်တွေပါဘဲ။ ပျင်းတဲ့အခါ ဇာတ်လမ်းလေးတွေကြည့်၊ သီချင်းနားထောင်၊ စိတ်ကူးရတဲ့အခါ ဘလော့မှာ စာရေးလိုက်နဲ့ ကျွန်မရဲ့ အဖော်မွန်လေးတွေကြောင့် အထီးကျန်တာ အားငယ်တာ မရှိတော့ပါဘူး။ ဘလော့ခ်တွေ လျှောက်လည်ရတာကလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရသလိုပါဘဲ။
လူဆိုတာ တစ်ဦးတစ်ယောက်ထဲ ရပ်တည်နေထိုင်လို့မရပါဘူး။ ဒါပေမယ့်..တစ်ခါတစ်ရံမှာ သူငယ်ချင်း အပေါင်းအသင်းတွေက မအားတဲ့အခါတို့၊ မတွေ့ဖြစ်ကြတဲ့အခါ၊ စကားမပြောဖြစ်တဲ့အခါတို့ ရှိရင် ရှိနိုင်ပေမယ့် သူတို့လေးတွေကတော့ ကျွန်မဘေးမှာ အမြဲရပ်တည်ပေးနေတဲ့ ကျွန်မဘ၀ရဲ့ အဖော်မွန်လေးတွေပါ။
Tuesday, 30 November 2010
ရင်မောရတဲ့ ညနေလေးများ
ကားမရှိဘူး ဆိုတာက အထူးသဖြင့် လိုင်းကားပေါ့။ အဝေးပြေးကားတွေ ကတော့ ရှိတတ်ပါတယ်။ အဝေးပြေးကားတွေကလည်း လိုင်းကားတွေ ဆွဲတဲ့ နေရာ အပိုင်းအခြားဖြစ်နေတော့ သိပ်မတင်ချင်ပြန်ဘူး။
သဇင်တို့တွေ မနက်ခင်း ကျောင်းလာချိန်မှာ လိုင်းကားက အဆင်ပြေပေမယ့် ညနေ ပြန်ချိန်ဆို အမြဲ စိတ်ညစ်ရပါတယ်။ စာသင်ချိန်ပြီးလို့ ကျောင်းဆင်း၊ လိုင်းကားကမရှိဆိုတော့ မောသွားတာဘဲ။ တစ်ခါတစ်ရံ ကံကောင်းရင်တော့ ကျောင်းဆင်းချိန်မှာ လိုင်းကား တစ်စီးလောက်တော့ မှီတတ်ပါတယ်။ အဲဒီလို နေ့မျိုးဆို ပျော်မိတာ အမှန်ပါ။
ဒါပေမယ့် လိုင်းကား မရှိတော့တဲ့ ညနေတွေမှာတော့...
ကျောင်းရှေ့မှာ သဇင်တို့ ဆရာမ အဖွဲ့တွေ ကားလာမယ့် ဘက်ကို မျှော်ကြည့်နေရတာပေါ့။ ကားတစ်စီးလာလို့ တားတယ်။ ရပ်မပေးပြန်တော့ ရင်မောရပြန်တယ်။ နောက်တစ်စီး လာပြန်.. တားပြန်.. မရပ်ပြန်နဲ့ ဒီလိုဘဲ ကားရတဲ့ အထိ စောင့်ရတာပေါ့။ တစ်ခါတစ်ခါ မိသားစု ကိုယ်ပိုင်ကားလေးတွေက လမ်းကြုံရင် ခေါ်တင်တတ်ပါတယ်။ ကိုယ်ပိုင်ကားတိုင်းတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ခါ မြို့ဘက်ကို သွားတဲ့ ဆိုင်ကယ်တွေကို တားပြီး တင်ခေါ်ဖို့ ပြောရပါတယ်။ အဲလို အချိန်မျိုးမှာ ရပ်ပြီးတင်ခေါ်သွားတဲ့ သူရှိသလို၊ မခေါ်တဲ့ ဆိုင်ကယ်ကများပါတယ်။ တစ်ချို့ဆိုင်ကယ်တွေဆို ဆရာမတွေ ကျောင်းရှေ့ ရပ်နေတာကို အဝေးက မြင်တာနဲ့ ဆရာမတွေက လမ်းဒီဘက်မှာ ရပ်နေရင် လမ်းရဲ့ တစ်ခြားတစ်ဖက်ကနေ ကပ်ပြီးမောင်းသွားကြပါတယ်။ တစ်ချို့သူတွေကျပြန်တော့လည်း ဆိုင်ကယ်ဘဲဖြစ်၊ ကားဘဲဖြစ်ဖြစ်ရပ်ပြီးတော့ ဆရာမတို့ ဘယ်အထိ သွားကြမှာလဲဗျာ/ရှင်..လို့ မေးပြီးတော့ သူတို့နဲ့ လမ်းကြုံရင် တင်ခေါ်ကြပါတယ်။ အဲဒီ အချိန်ဆို ပျော်မဆုံးပေါ့ရှင်...။
သဇင်တို့တွေ ကားဘဲတားတား၊ ဆိုင်ကယ်ကိုဘဲ အကူအညီ တောင်းတောင်း ခေါ်တင်မသွားတဲ့အခါ ရင်မောရပါတယ်။ ဒီလို အချိန်မှာ ဘ၀အမောလေးတွေ ပြေပါစေရယ်လို့ ဟသလေးတွေနှောရတာပေါ့။ သဇင်တို့ အဖွဲ့ ပြောနေကျ စကားလေးတစ်ခွန်းရှိတယ်။ စပြီး ဒီစကားလေးကို ပြောတဲ့သူကတော့ ရူပဗေဒ သင်တဲ့ဆရာမပေါ့။ "အိမ်မပြန်ရမှာတော့ မပူနဲ့၊ ကမ္ဘာကြီးက လုံးပါတယ်တဲ့။" ကမ္ဘာကြီးကလုံးတော့ အိမ်ကိုတော့ တစ်ချိန်ချိန်ရောက်မှာဘဲတဲ့။ ကားတစ်စီးတားလို့ မရပ်ပြန်ရင် ကမ္ဘာကြီးကလုံးပါတယ် ဆိုတဲ့ စကားလေးကို အချင်းချင်း စနောက်ပြောကြရင်း အိမ်ပြန်ဖို့ ညနေတိုင်းလိုလို ကားစောင့်ကြရတာပေါ့။
တစ်ခါတစ်ခါ ကျောင်းရှေ့ ကားစောင့်လို့မရတဲ့အခါ ကားရပ်တတ်တဲ့နေရာအထိ တစ်ဖွဲ့ကြီး လမ်းလျှောက်ရင်းနဲ့ သွားပြီးစောင့်ကြရတာပေါ့။ လမ်းလျှောက်ရင်းနဲ့ဘဲ နောက်ကနေ ကားများလာခဲ့ရင် မသိလို့ မတားလိုက်မိမှာ စိုးလို့ ရှေ့ကို ကောင်းကောင်းကြည့်ပြီး လမ်းမလျှောက်နိုင်ဘဲ နောက်ပြန်ကြည့်ရတာ အမောပေါ့။ ကံကောင်းတဲ့နေဆိုရင်တော့ အိမ်ကို ပုံမှန်ချိန် ပြန်ရတတ်ပေမယ့် ကားရှားတဲ့နေ့ဘဲဖြစ်ဖြစ်၊ ကားတားရက်နဲ့ ရပ်မပေးလို့ အချိန်တော်တော်ကြာကြာ ကားစောင့်ရတဲ့နေ့မျိုးဆိုရင်တော့ အိမ်ကို ညနေ ၆ နာရီလောက်မှပြန်ရောက်ပါတယ်။ ကျောင်းဆင်းချိန်ကတော့ ညနေ ၄ နာရီပါ။ မြို့နဲ့ကျောင်းနဲ့က ပုံမှန်ကားမောင်းနှုန်းနဲ့ဆို ၃၅မိနစ်လောက်ပဲကြာပါတယ်။ လမ်းမှာ လူ အတက်အဆင်းများရင်တော့ အချိန် မမှန်ဘူးပေါ့။
သဇင်တို့လည်း ဒီကျောင်းကနေ မပြောင်းရမချင်း ရင်မောရတဲ့ ညနေလေးတွေကို ပိုင်ဆိုင်နေရအုန်းမှာပါ။ ဒါပေမယ့် ဒီရင်မောရတဲ့ ညနေလေးတွေက တစ်ချိန်ချိန်မှာ ပြန်ပြောင်း အမှတ်ရစရာလေးတွေ အဖြစ်နဲ့လည်း ကျန်ရှိနေအုန်းမှာပါ။
Monday, 29 November 2010
ရွက်ကြွေချိန်
ရွက်ဝါကြွေကျ၊ နွေကာလ
လွမ်းဆွေးသလို ခံစားရ။
ရော်ရွက်နီတွေ၊ ကြွေကာကျ
ဆောင်းဦးမှာလဲ လွမ်းဆွေးရ။
သို့ပေသော်လည်း...
ရွက်ဝါကြွေမှ နွေအလှ၊
ရွက်နီကြွေမှ ဆောင်းဦးအလှ၊
ပိုမိုပြည့်စုံ လှလှပ။
(မှတ်ချက်။ ။ နွေရာသီ ဓါတ်ပုံ ရှာမတွေ့လို့နော်။)
Sunday, 28 November 2010
သူတို့တွေလည်း လဲတတ်ပါတယ်...
"လဲနေသူ ထူပေးပါ။
အားငယ်သူကို အားပေးပါ။"တဲ့...။
လောကမှာ အားငယ်သူကို အားပေးရမယ်။ ဖေးမရမယ် ဆိုတာဟာ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတတ်တဲ့ အသိလေးတစ်ခုပါ။ ဒါပေမယ့်လည်းလေ အားမငယ်တတ်တဲ့သူရယ်လို့ မရှိကြပါဘူး။ အားမငယ်အောင်၊ လဲမကျအောင် ကိုယ့်ကိုယ်ကို ထိန်းပြီးနေကြတာပါ။ ဒါပေမယ့် ဒီအချက်ကို သတိမထားမိသူတွေ ရှိတယ်။ အားငယ်သူတွေမှာဘဲ အားငယ်တတ်တာ မဟုတ်ပါဘူး။ အားမငယ်တတ်အောင် နေတတ်သူတွေမှာလည်း အားငယ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ ကြားဖူးတဲ့ စကားလေးလည်းရှိပါတယ်။ လူတစ်ယောက်က သူရဲ့ ပုံစံ၊ အမူအရာက သာမာန်သူတွေထက်ကို ပိုပြီးတင်းလွန်းတာတို့၊ သူပုံစံက ဘာမဆို လုပ်ဆောင်နိုင်တဲ့ ပုံစံမျိုးတို့ ရှိလာခဲ့ရင် သူ့နောက်ကွယ်မှာ အားနည်းချက် တစ်ခုခုကတော့ရှိနေတတ်ပါတယ်တဲ့။ ဒီလိုပုံစံကို ကိုယ်တွေ့ ကြုံဖူးပါတယ်။ အမှန်တကယ်လည်း သူ့မှာ အားငယ်စရာ၊ အားနည်းချက် အကြောင်းအရာ ရှိနေခဲ့ပါတယ်။ အားငယ်သူတွေကို အားပေး၊ လဲနေသူတွေကို ထူပေးကြသလို၊ အားမငယ်တတ်ဖူးလို့ထင်ရသူတွေကို အားမပေးခဲ့ရင်၊ ထူမပေးခဲ့ရင်တောင်မှ ဖြည့်ပြီးတွေးပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေလည်း လဲတတ်ပါတယ်။
Monday, 22 November 2010
လာလည်ကြပါနော်..။
အခါကြီး ရက်ကြီးမှာ သက်သတ်လွတ်စားတတ်ကြတဲ့ မောင်နှမများ အတွက်ရော အဆင်ပြေအောင် အားလုံး အတွက် သက်သတ်လွတ် ကြာဇံကြော်လေးပါ။
ကြာဇံကြော် သုံးဆောင်ပြီးတဲ့အခါ အချိုတည်းဖို့ အတွက် ကျောက်ကျောနဲ့ လက်ဖက်သုပ် စီစဉ် ပေးထားပါတယ်။ အားမနာတမ်း စိတ်ကြိုက် အားပေး သုံးဆောင်ကြပါနော်။
တန်ဆောင်တိုင် အမှတ်တရ
ချင်းတွင်းသူ
Saturday, 20 November 2010
ကျေနပ်နိုင်ပါစေ။
ချီးမွမ်းပြောကြ သူ့အလှ
ကျေနပ်နေမိ ပန်းကလေးက။
ဆားလေးတစ်ပွင့် ထည့်ချက်လိုက်လို့
အရသာရှိလှ ဟင်းတစ်ခွက်ရ
ကျေနပ်နေမိ ဆားကလေးက။
သူတို့တွေလို.....
သူတစ်ပါး ဘ၀အလှ၊ မိမိက
ဖြည့်ပေးလို့လှ၊ ရှိလာက
ထုတ်ဖော်မပြု၊ ချီးမွမ်းမှုကို
ကျေနပ်နိုင်ပါစေ။
Sunday, 10 October 2010
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို...
Tuesday, 5 October 2010
မြတ်ဆရာ
လူကောင်း၊လူမွန် ဖြစ်စေဖို့ရေး
ဆုံးမသွန်သင်၊ လမ်းပြညွှန်တဲ့
ဆရာသခင်၊ ကျေးဇူးရှင်။
တပည့်များဘ၀၊ မြင့်မားက
ပီတိဖြာကာ၊ ၀မ်းမြောက်စွာနဲ့
ကျေနပ်နေတာ၊ မြတ်ဆရာ။
အားငယ်ချိန်ခါ၊ ရှိပြန်ပါလည်း
ဖေးမကူတာ၊ မြတ်ဆရာ။
ကျေးဇူးကြီးမား၊ မြတ်ဆရာများ၏
ဂုဏ်အင်များစွာ၊ အဖြာဖြာကို
ဂီတ စာပေ၊ ပညာတွေနဲ့
ညွှန်းဆိုပြကာ၊ ဖွဲ့နွဲ့ဆိုလည်း
မှီအံ့မထင်၊ များဂုဏ်အင်။
(ကမ္ဘာ့ဆရာများနေ့ အမှတ်တရ)
Friday, 1 October 2010
Wednesday, 29 September 2010
အားကျမိတယ်
:) ပျော်ပျော်ရွှင်ရွှင် တေးသီနေကြတဲ့ ငှက်ကလေးတွေ
:) လေယူရာတိမ်း ယိမ်းနွဲ့ကနေကြတဲ့ ကောက်ပင်လေးတွေ
:) သစ်ပင်၊ ပန်းမန်လေးတွေကို ကလူကျီစယ်နေတဲ့ လေညှင်းလေးတွေ
:) နေရဲ့ အလင်းရောင် ခေါ်ဆောင်ရာကို မငြီးမငြူလိုက်ပါနေတဲ့ နေကြာပန်းလေးတွေ
:) ပန်းဝတ်ရည်လေးတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ ပျား၊ ပိတုန်းလေးတွေ
:) လေအဝှေ့မှာ ရွေ့နေကြတဲ့ ဖြူလွှလွှ မိုးတိမ်လေးတွေ
:) ပြီးတော့ နံနက်စောစောမှာ အပူအပင်ကင်းစွာ ပြေးလွှား ဆော့ကစားနေကြတဲ့ ကလေးငယ်လေးတွေ
ဒီမြင်ကွင်းလေးတွေကြောင့် စိတ်ကြည်နူးရသလို အပူအပင်ကင်းစွာနဲ့ လွတ်လပ်ပျော်ရွှင် အေးချမ်း နေကြတဲ့ သူတို့တွေရဲ့ ဘ၀လေးတွေကို အားကျနေမိပါတယ်။
(မှတ်ချက်။ ။ စာလုပ်စရာရှိတွေပြီး မလုပ်ဖြစ်ဘဲ စာတွေပိပြီး စိတ်တွေရှုပ်နေလို့ပါဗျိုးးးးးးး။ :) )
Saturday, 25 September 2010
ကျွန်မ ဘဝ အတွက် အားဖြစ်စေခဲ့သော သူတို့ရဲ့ စကားလေးများ
"သမီးကြီး....ဘဝ အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ရတဲ့ အခါ ဆုံးဖြတ်ချက် မှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချဖို့ အတွက်လည်း သတိတရား လက်ကိုင်ထားပါ။ ရတနာသုံးပါးနဲ့ အနန္တော အနန္တ ငါးပါးကို အမြဲ ဦးထိပ်ထားပါ။လေ့လာရမယ့် စာပေကို ကြိုးစားလေ့လာပြီး၊ ပြန်လည် အသုံးချနိုင်အောင် ကြိုးစားပါ။" လို့ ဆိုတဲ့ ဖေဖေရဲ့ စကားလေးတွေ...
"လူမှုရေးမှာ အဆင်ပြေအောင်နေပါ။ အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေပါ။ ဗုဒ္ဓဆိုတာကို ရင်ထဲမှာ ကြည်ညိုလေးစားမှု သန္ဓေတည်ပြီး ရှိပါစေ။ အချိန်အားရတိုင်း ဘုရားစာ ရွတ်ပါ။ ပညာရေးမှာ ထူးချွန်အောင် ကြိုးစားပါ။ "လို့ အမြဲပြောတတ်တဲ့ မေမေရဲ့ ဆုံးမစကားလေးတွေ...
သူများတွေ အတွက် အမြဲ တွေးတော ပူပန်တတ်တဲ့ ကျွန်မအတွက် ညီမလေးက " တစ်ချို့ ကိစ္စတွေမှာ သူတို့ကို ကူညီတာထက် သူတို့ ဘာသာ လုပ်ဆောင်စေတာက သူတို့ကို ကူညီရာ ပိုရောက်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် လို့ "ပြောခဲ့ဖူးတယ်။ မောင်လေးတွေကတော့ "မမကြီးက စံပြဖြစ်အောင် ကြိုးစားပြနော်"တဲ့။
နောက်တစ်ခုကတော့ ကျွန်မရဲ့ အစ်ကိုရင်းတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ အစ်ကိုတစ်ယောက် က ကျွန်မ အဝေးမှာ ပညာသင်နေချိန် အမြဲမှာလေ့ရှိတဲ့ စကားလေးပါ.." စာကိုကြိုးစားပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ ဘုရား၊တရား ကိုလည်းမမေ့နဲ့ "တဲ့....။
ကျွန်မ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်တုန်းက ကျွန်မ သူငယ်ချင်း ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်လည်း အားတက်ခဲ့ရပါတယ်။ ကျွန်မက ဆယ်တန်းအောင်စဉ်က အမှတ်နည်းခဲ့တော့ ငယ်ငယ်ကတည်းက အတူပေါင်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အတူ ဆေး၊ စက်မှု တက်ခွင့်မရခဲ့ပါဘူး။ ကျွန်မ တစ်ယောက်ထဲ ရိုးရိုးမေဂျာရတာဆိုပြီး အားငယ်ချိန်မှာ သူငယ်ချင်းက "ဘယ်နေရာမှာဘဲရောက်ရောက် ကိုယ်ရောက်တဲ့နေရာမှာ ထိပ်ဆုံးက ရှိနေအောင် ကြိုးစားပါတဲ့။ "ယခုထိလည်း ကြားယောင်နေဆဲပါ။
သူငယ်ချင်းတွေ အပေါ်မှာ သံယောဇဉ်ကြီးပြီး ပူပန်တတ်တဲ့ ကျွန်မကို အမြဲ သတိပေးတတ်တဲ့ နောက်သူငယ်ချင်းလေးတစ်ယောက်ကတော့ "သူများတွေ အတွက် သိပ်ပြီး စိတ်မပူနဲ့တဲ့၊ ကိုယ်စိတ်ပူနေတော့ ကိုယ်ဘဲ ပင်ပန်းတာတဲ့။ စိတ်ကို သူများအတွက် တအားနှစ်မထားဘဲ နေတတ်အောင်နေပါ။ တစ်ခါတစ်လေ ဥပက္ခာပြုသင့်တာကို ဥပက္ခာပြုတတ်ရတယ် ။ မြတ်စွာဘုရားက ဘာဖြစ်လို့ အားလုံးကို မကယ်တင်ခဲ့တာလဲ ။"တဲ့..
"( ကျွန်မက ဘာပဲဖြစ်ဖြစ် အရမ်းပူပန်တတ်လို့လေ :) )
ကျွန်မ ငယ်ငယ်ကနေ ယခုထိ ပညာသင်ခဲ့ချိန်မှာ ပြောဆို ဆုံးမခဲ့တဲ့ ဆရာ၊ဆရာမတွေရဲ့"ဘယ်နေရာရောက်ရောက် စည်းကမ်းရှိဖို့၊ အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ ပညာကို ကြိုးစားသင်ယူဖို့" ဆိုတဲ့စကားတွေကလည်း အားအင်တွေ ဖြစ်စေခဲ့ပါတယ်။
ကျွန်မ ဘဝအတွက် စိတ်ခွန်အားတွေ ရခဲ့တာတွေဟာ မိဘ၊ မောင်နှမတွေ၊ ဆရာ၊ဆရာမတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောဆို ဆုံးမ၊ အကြံဥာဏ်ပေးခဲ့တဲ့ စကားလေးတွေကြောင့် ဖြစ်ပါတယ်။
ဒီပို့စ်လေးကတော့ အားလုံးရဲ့ ကျေးဇူးကို သတိရ၊ အောက်မေ့ပြီး မွေးနေ့ အမှတ်တရ အဖြစ်ရေးသားခြင်းဖြစ်ပါတယ်။
Wednesday, 15 September 2010
ခံစားကြည့်ပါ :)
အချစ်ဆိုတာကို စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ တွေ က အမျိုးမျိုးဖွဲ့ဆို ကြတာတွေကို ဖတ်ဖူး၊ ကြားဖူးနေပေမယ့် ကိုယ်ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ ကြုံလာတော့ သူတို့တွေ ဖွဲ့ဆိုကြသလို ကောင်းတဲ့ အရာတွေ အားလုံး ဖြစ်နိုင်ပါ့မလား၊ ဆိုးတဲ့ အချက်တွေ ကရော လက်တွေ့မှာ အဲလောက်တောင်ဆိုးလား ဆိုတာတွေကို တွေးကြည့်ရင်းနဲ့ ရင်မောနေမိတယ်။
သြော်... မိန်းကလေး တစ်ယောက်ကို ချစ်မိတာ ဒုက္ခကို မွေးယူသလိုများ ဖြစ်နေပြီလားလို့ တွေးနေမိတယ်။ ချစ်မိရုံဘဲ ရှိသေးတယ်။ ဖွင့်တောင် မပြောရသေးဘူး။ ဖွင့်ပြောလိုက်ရင် ဘာတွေ ဖြစ်လာမလဲ မတွေးရဲလို့ တစ်ယောက်ထဲ ကြိတ်ပြီးခံစားနေရတဲ့ ရက်တွေကလည်း မနည်းတော့ဘူး။ အချစ်ဆိုတာ ချိုမြိန်တဲ့ အသီးတစ်လုံး မဟုတ်သလို၊ ခါးသက်တဲ့ အသီးလည်း မဟုတ်ဖူးလို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ခံစားကြည့်မှ အရသာ ကို ပိုပြီးသိရမယ်လို့ ပြောကြတယ်။
ကဲ...ဒီနေ့တော့ စိုးစိုးတစ်ယောက် အားတွေမွေးပြီး အချစ်ဆိုတာ ဘယ်လို အရသာရှိမလဲ ဆိုတာ မြည်းစမ်းခွင့်ရဖို့ သူချစ်တဲ့ကောင်မလေး ရှိရာကို လာခဲ့ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ မျက်နှာကို မြင်ရုံဘဲရှိသေးတယ်.. ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေသလား ထင်မှတ်ရအောင်ကို ရင်ခုန်သံတွေ မြန်နေတယ်ဗျာ။ ရင်ခုန်သံတွေ ငြိမ်အောင်ထိန်းရင်းနဲ့ဘဲ ချစ်တဲ့သူရှိရာကို မ၀ံ့မရဲ လှမ်းလာခဲ့ပါတယ်။ အနားရောက်တော့လေ ရင်ခုန်သံတွေ မြန်လွန်းလို့ ပြောရမယ့် စကားတွေကို မနည်း ပြန်စဉ်းစားရတယ်။ အိမ်တုန်းက ကဗျာတွေ၊ စာတွေဖတ်ပြီ စီထားတဲ့ ပြောရမယ့် အနုအလှ စကားလုံးတွေ ဘယ်ပျောက်ကုန်လဲ မသိဘူး။ ဒါနဲ့ စဉ်းစားလို့ရတဲ့ စကားဘဲ ပြောလိုက်တယ်။ "မင်းကို အရမ်းချစ်တယ်" လို့။ ချစ်သူကလည်း ပြန်ဖြေဖို့ စဉ်းစားထားပုံရပါတယ်။ ချက်ချင်းဘဲ ပြန်ပြောတယ်ဗျာ။ "ပါးကျိုးသွားမယ်။ ဘာမှတ်နေလဲ။" တဲ့ဗျာ။ သူလည်း စာတွေ တော်တော်ဖတ်ပြီး စကားလုံးတွေ ရှာထားပုံပါဘဲ။ သူအဲလို ပြန်ဖြေလိုက်တဲ့ အချိန်မှာ ရင်ဘတ်ထဲကို အောင့်နေအောင် ခံစားလိုက်ရတယ်။ ကိုယ်က အရမ်းချစ်နေမိတဲ့ သူဆိုတော့လေ။ ဒါကတော့ ချစ်မိတဲ့ အတွက် ခံစားလိုက်ရတဲ့ ခါးသက်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ် ဘယ်လို ခံစားမှုတွေ ရလာအုန်းမလဲ ဆိုတာ တွေးနေမိတယ်ဗျာ။ အဲလိုတွေးနေရင်းနဲ့ နောက်ထပ် အတွေးတစ်ခု ၀င်လာတယ်။ ချိုတာတွေများရင် တခါတရံ ခါးသက်တတ်တယ်။ (ဆေးသကြားတွေများရင် ခါးတတ်တာ သတိရမိလို့ပါ။) ဒါကြောင့် ပြောင်းပြန် ပြန်စဉ်းစားမိတယ်။ ခါးတာတွေများရင် ချိုလာ မလားလို့ ပေါ့ဗျာ။.......
" ဖေဖေရေ... ဖေဖေ ၊ မေမေက ညနေစာ စားရအောင်တဲ့။" ချစ်စရာ သားငယ်လေးရဲ့ အသံပေါ့ဗျာ။ သားငယ်အသံကြားမှ အတွေးနယ်ချဲ့နေရာမှ အသိဝင်လာတယ်ဗျာ။ ဒါကတော့ ခါးသက်မှုတွေ ခံစားပြီးတဲ့နောက် ရလာတဲ့ ချိုမြိန်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ်လည်း ချိုမြိန်မှုတွေလည်း ရှိသေးတယ်ဗျ။ သြော် ပြောဖို့မေ့နေတာ။ သားလေးခေါ်တဲ့ မေမေ ဆိုတာက ကျွန်တော် မောင်စိုးစိုး ချစ်ခဲ့ရတဲ့ ချစ်သူလေးပေါ့ဗျာ။ အခုတော့ အချစ်ဆိုတာ ခံစားဖူးမှ ပိုသိတယ် ဆိုတဲ့ သူငယ်ချင်းတွေ ပြောခဲ့တဲ့ စကားတွေ ကိုလည်း ပြန်သတိရမိနေတယ်။ နောက်ထပ် ဘယ်လိုခံစားမှုတွေဘဲ ဖြစ်ဖြစ် ခံစားပြီး ငြိမ်းချမ်းတဲ့ မိသားစု ဘ၀လေးတည်ဆောက်ပြီး ပျော်ရွှင်စွာ ဖြတ်သန်း အုန်းမှာပါဗျာ။
စာဖတ်သူတွေလည်း အချစ်ဆိုတာကို ဘယ်လို ခံစားဖူးလဲ။ ဘယ်လို မြင်ကြလဲဗျာ။ မခံစားဖူးသေးရင်တော့ တွေဝေ စဉ်းစား မနေကြဘဲ ကျွန်တော်လိုဘဲ ခံစားကြည့်လိုက်ပေါ့ဗျာ :)။
Friday, 10 September 2010
Tuesday, 7 September 2010
ကျေးဇူးတင်လွှာ...
ဟီရိုရှီးမား တွင် သူငယ်ချင်းများနဲ့ အတူ
ဖူကူအိုကာ သူငယ်ချင်းများ အိမ်မှာ အမှတ်တရ
နာဂါဆာကီ အိမ်မှာ ပျော်ရွှင်စွာ
အားလုံးကို အထူးကျေးဇူးတင်လျှက်....... ချင်းတွင်းသူ
Wednesday, 4 August 2010
အပြုံးကြွယ်မယ်၊ ခရီးသည်
ရောက်အောင် လျှောက်လှမ်း နေကြရတဲ့ ခရီးသည်တွေပါ…။
ဒီရထားကြီးပေါ်မှာလည်း စီးနင်းလိုက်ပါ လာသူတွေကလည်း
အရွယ်စုံ၊ လူမျိုးစုံတွေဖြစ်ပါတယ်။ ဒါ့အပြင် ရည်ရွယ်ချက်တွေကလည်း
အမျိုးစုံပါဘဲ။ ဒါပေမယ့်လည်း တူညီတဲ့ အချက်တစ်ခုကတော
့
မိမိတို့ရည်မှန်းထားတဲ့ ပန်းတိုင်ကို ပျော်ရွင်အေးချမ်းစွာနဲ့
ရောက်ရှိလိုတဲ့ ဆန္ဒလေးဘဲ ဖြစ်ပါတယ်။
ရထားစီးရင်း ခရီးသွားကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်နှီးလာကြ၊
မိတ်ဆွေတွေဖြစ်လာကြပါတယ်။ ခရီးလမ်း တစ်လျှောက်မှာလည်း
တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီ ကြပါတယ်။ အခက်အခဲတွေ ရှိလာပြန်လည်း
ခရီးသွားဖော်ချင်း ဝိုင်းဝန်းဖြေရှင်း ပေးကြပါတယ်။ ဒါတွေဟာ ဘယ်လိုမှ
ပြောင်းလဲလို့မရတဲ့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့
ဓလေ့စရိုက်လေးတွေဘဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ဘဲ လိုရာခရီးကိုရောက်ဖို့
သံသရာရထားကြီးကို စီးပြီး ခရီးသွား နေကြရပါတယ်။ ဒီလိုခရီးသွားရင်းနဲ့ဘဲ
လိုရာခရီးကိုရောက်လို့ မိမိတို့နဲ့ သက်ဆိုင်ရာ ဘူတာတွေမှာ ဆင်းပြီးနေခဲ့
ကြသူတွေလည်း ရှိပါတယ်။ အဲဒီအခါမှာကျန်ခဲ့တဲ့သူတွေက ဝမ်းနည်းရသလို၊
ချန်ထားခဲ့ရသူရဲ့ ရင်ထဲမှာလည်းကြေကွဲမှုတွေ ခံစားရပါတယ်။ အတူနေပြီး
ခရီးသွားနေစဉ်မှာ ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ နေခဲ့ကြတဲ့အချိန်တွေ ရှိသလို၊
စိတ်သဘောထား မတိုက်ဆိုင်လို့ အမုန်းတရားတွေ ဖြစ်လာတွေသူတွေလည်း
ရှိကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ကြတာ
သဘာဝဘဲ ဖြစ်ပါတယ်။ အမြင်ကြည်လင်ပြီး ချစ်ခင်နေကြတဲ့
အချိန်ကလေးကတော့ ဘယ်လိုလူမျိုးအတွက် မဆို မင်္ဂလာရှိပြီး
ပျော်စရာကောင်းတဲ့ အချိန်လေးဖြစ်ပါတယ်။ တစ်ခရီးထဲမှာ
အတူသွားကြတဲ့ ခရီးဖော်အချင်းချင်း မေတ္တာစိတ်ထားပြီး ပျော်ရွှင်စွာနဲ့
နေထိုင်သူတွေလည်း ရှိပါတယ်။ ဒေါသ မာန်မာန တွေ ထားတတ်တဲ့
သူတွေလည်း ရှိတတ်ပါတယ်။ ခရီးသွားဖော် အချင်းချင်း တစ်ဦးနဲ့တစ်ဦး
ညှိယူပြီး နားလည်မှုလေးတွေနဲ့ နေနိုင်ကြရင် အကောင်းဆုံး ဖြစ်ပါတယ်။
ခရီးသည်များ အားလုံး ကလည်း ဒီဘဝသံသရာ ရထားကြီးကို
စီးပြီး လိုရာ ခရီးကို ဆက်လက် လျှောက်လှမ်း နေကြမှာ ဖြစ်သလို
ဘ၀သံသရာ ဆိုတဲ့ ရထားကြီးကလည်း ခုတ်မောင်းမြဲ ခုတ်မောင်း
နေအုန်းမှာဘဲ ဖြစ်ပါတယ်။ တစ်ခရီးတည်းသွား ခရီးသည် တွေ မို့ ဒီလို
တွေ့ကြ ဆုံခိုက် တခဏလေးမှာ အမုန်းတွေ ဖယ်ပြီး အပြုံးကြွယ်
ကြရအောင် ပါ…။
Wednesday, 28 July 2010
သြော်..... အချိန်ရဲ့ ပြောင်းလဲခြင်း
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်ရဲ့ နွေရာသီ ပွဲတော်တွေ ထဲက ထင်ရှားတဲ့
ပွဲတော် တစ်ခု ဖြစ်တဲ့ tenjin ပွဲတော်ကို သွားခဲ့ပါတယ်။ ဒီပို့စ်လေးကတော့
ပွဲတော်က အပြန်ရခဲ့တဲ့ ပို့စ်လေးပါ။ ပွဲတော် ကျင်းပရာ နေရာက
osaka castle နဲ့နီးပါတယ်။ sakura no miya လို့ခေါ်တဲ့ နေရာ
အနီးတ၀ိုက် မှာပါ။ အဲဒီနားမှာ မြစ်လေးရှိပါတယ်။ မြစ်ရဲ့ ကမ်းနဘေး
တစ်ဖက် တစ်ချက်မှာ sakura (ချယ်ရီ)ပင်တွေ ရှိပါတယ်။
ဒီပွဲတော်မှာ မီးပန်းလွှတ်ပွဲ ပါတယ်။ လူတွေက မြစ်ထဲမှာ
လှည့်လည်သွားလာနေတဲ့ ပွဲတော်အတွက် စီမံထားတဲ့ လှေ တွေ
သွားလာတာကို ကြည့်ရင်း မီးပန်းလွှတ်တာကို စောင့်ကြည့်ကြပါတယ်။
ချယ်ရီပန်းတွေ ပွင့်ချိန်မှာ ဟနမိ ဆိုပြီး ချယ်ရီပန်းတွေ ကို
အမြတ်တနိုးနဲ့ လာကြည့်ကြတုန်းကလည်း ဒီနေရာလေးက နာမည်ကြီးတဲ့
နေရာထဲမှာ တစ်ခု အပါအ၀င်ပါ။ အဲဒီ အချိန်တုန်းကလည်း ချယ်ရီပန်းတွေ၊
ချယ်ရီပင်တွေ က အမြတ်တနိုးနဲ့ တန်ဖိုးထားခံရတာပါ။ ဒါပေမယ့် အခု
ဟနဘိလို့ခေါ်တဲ့ မီးပန်းလွှတ်ပွဲ ကျင်းပချိန်မှာတော့ မြတ်နိုးစရာ
ချယ်ရီပန်းပွင့်လေးတွေ မရှိတော့ သလို မီးပန်းလွှတ်တာကို
မြစ်ကမ်းဘေးက ကြည့်တဲ့ အခါ ချယ်ရီပင်တွေကြောင့်
ရှင်းရှင်းလင်းလင်း မမြင်ရပြန်ပါဘူး။ ဒါကြောင့် တစ်ချိန်က
မြတ်နိုးခြင်းခံခဲ့ရတဲ့ ချယ်ရီပင်လေးတွေက အပြစ်မြင်ခံရ ပြန်တယ်။
သြော် အချိန်ရဲ့ ပြောင်းလဲ ခြင်းကြောင့် အပြောင်းအလဲ တွေ
အမျိုးမျိုးဖြစ်လာ နိုင်ပါလားလို့ အတွေးဝင်လာရပါတယ်။
ချယ်ရီပင်လေးတွေ သာမက လူတွေလည်း အချိန်တွေကြောင့်
အမျိုးမျိုးပြောင်းလဲ လာနိုင်ပါတယ်။ ပြောင်းလဲမှုတိုင်းကို
ကြံ့ကြံ့ခံနိုင်အောင် အခု အချိန်က စပြီး ကြိုးစားကြရအောင်ပါ။
မှတ်ချက်။ ။ ပွဲတော် အကြောင်းအရာ ဖော်ပြတဲ့ အချက်အလက်
မှားရင် ခွင့်လွတ်ကြပါ။ ပြင်ပေးခဲ့ကြပါနော်။
Sunday, 18 July 2010
အချိန်လေးတွေ တိုလွန်းလို့၊ ချစ်ချစ်ခင်ခင် နေကြစို့
ကျောင်းသူဘ၀တုန်းက နေ့စဉ်မြင်တွေ့ခဲ့ရတဲ့ စာတမ်းလေးပါ။ အဆောင်ရဲ့
နံရံတိုင်းမှာ ဒီစာတမ်းလေးကို ကပ်ထားပါတယ်။ ။ အဓိပ္ပါယ်ပြည့်ဝတဲ့
စာလေးမို့ အရမ်းကို နှစ်သက်ခဲ့ရသလို အခုထိလည်း ဒီစာတမ်းလေးကို
မြင်ယောင်နေဆဲပါ။ တကယ်ဘဲ အချိန်တွေက တိုတောင်းလွန်းလှပါတယ်။
တွေ့ဆုံကြရတဲ့ ခဏတာမှာ ချစ်ချစ်ခင်ခင်စိတ်လေးတွေ ထားနိုင်ရင်
အကောင်းဆုံးပဲပေါ့။ မိသားစုထဲမှာဘဲ ဖြစ်ဖြစ်၊ အပေါင်းအသင်းတွေ
ကြားမှာဘဲ ဖြစ်ဖြစ် တစ်ဦး အပေါ် တစ်ဦး နားလည်မှု
ကိုယ်စီနဲ့၊ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးကဖြည့်တွေးရင်း၊
တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက ဖေးမရင်းနဲ့ တိုတောင်းလှတဲ့
အချိန်လေးတွေကို ပျော်ရွှင် ချစ်ကြည်စွာ ဖြတ်သန်းနိုင်ကြရင်
အကောင်းဆုံးပေါ့။ အချင်းချင်းတွေကြားမှာ သူကြောင့် ကိုယ်နစ်နာရတယ်၊
ကိုယ့်ကြောင့် သူအသာရသွားတယ် ဆိုတာတွေ မတွေးမိဘဲ
အကောင်းဘက်ကနေပြန်တွေးယူတတ်တဲ့ စိတ်လေးတွေရှိကြရင်
အကောင်းဆုံးပျော်ရွှင်မှုတွေနဲ့ တိုတောင်းတဲ့ အချိန်လေးတွေကို
ကုန်ဆုံးစေမှာ အမှန်ဘဲလို့ ထင်မိပါတယ်။ နာစရာတွေရှိလာခဲ့ရင်
သာစေခဲ့တာလေးတွေနဲ့တွေးပြီး ဖြေသိမ့်ကြရင် တိုတောင်းလှတဲ့
ဘ၀လေးမှာ နေပျော်စရာဘဲပေါ့။ ပုထုဇဉ်လူသားတွေမှာ ခန္တီပါရမီ
စွမ်းအားတွေက ဘုရား၊ရဟန္တာတွေလောက် မကြီးမားနိုင်ပေမယ့်
သည်းခံနိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ဒါကြောင့် တစ်ဦးနဲ့တစ်ဦး
တွေ့ဆုံကြတဲ့ အချိန်လေးတွေမှာ အမုန်းတရားတွေ၊ မကျေနပ်တာလေးတွေ၊
အဆင်မပြေမှုလေးတွေ ရှိခဲ့ကြရင်လည်း ဖြေဖျောက်ပြီး
အချိန်လေးတွေ တိုတောင်းလှတဲ့ အတွက် ချစ်ချစ်ခင်ခင် နေကြရအောင်ပါ။
သူငယ်ချင်း၊ အပေါင်းအသင်းတွေ အားလုံးလည်း တိုတောင်းလွန်းတဲ့
အချိန်လေးတွေထဲမှာ ချစ်ခင်၊ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုတောင်းရင်း…….။
ခင်မင်မှု များစွာနဲ့…………………..ချင်းတွင်းသူ
Wednesday, 14 July 2010
ပြုံးပျော်ကြစေဖို့
ရယ်စရာ -၁
တစ်ခါက ရွာတစ်ရွာမှာပေါ့။ အလွန်ကို သီချင်းဆို ၀ါသနာပါတဲ့ သူတစ်ယောက်ရှိပါတယ်။ ရွာမှာ အလှူအတန်းရှိတဲ့အခါ ရွာသားတွေစုပြီး ဇာတ်ပွဲကလေ့ရှိပါတယ်။ အဲဒီအခါကြရင် ဖိုးဆိုချင်ကရှေ့ဆုံးကပေါ့။ ဖိုးဆိုချင်မှာ အားနည်းချက် တစ်ခုရှိတယ်။ အဲဒါကမေ့တတ်တဲ့ အကျင့်လေးပါဘဲ။ အဲဒီလိုနဲ့ ဇာတ်ကဖို့ သီချင်းတွေ တိုက်ကြပါတယ်။ သီချင်းတိုက်တော့ ဖိုးဆိုချင်လေးက သူ့ထုံးစံအတိုင်း တစ်ချို့စာသားလေးတွေ မေ့တာပေါ့။ သူဆိုတဲ့ သီချင်းလေးက “လက်ပံပွင့်တွေ လေအတိုက် ကြွေလိုက်တဲ့အခါ” ပါ။ သူမေ့တာက လက်ပံပွင့်ဆိုတဲ့နေရာမှာ မေ့တာပေါ့။ ဘယ်လိုဘဲဆိုဆို အဲဒီနေရာရောက်ရင်မေ့နေတာပေါ့။ သူငယ်ချင်းတွေက အကြံပေးကြတယ်။ လက်ပံပွင့်လေး ကိုင်ပြီးဆိုရင်တော့ သတိရမှာဘဲ လို့ပေါ့။ ဒီလို့နဲ့ ဇာတ်ပွဲကတဲ့နေ့ ရောက်လာတာပေါ့။ ဖိုးဆိုချင်ဆိုရမယ့် အလှည့်ရောက်လာပါတယ်။ လက်ပံပွင့်လေးကို ကိုင်လို့ပေါ့။ ဒါပေမယ့်လေ သူ့အဖြစ်က ဒီပန်းကိုင်ထားတာကိုဘဲ နာမည်မေ့နေတုန်းဘဲ ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ ဖိုးဆိုချင်လေးက လက်ပံပွင့်လေးကို မြှောက်ပြပြီး ဆိုချလိုက်ပုံကတော့ “ဟောဒီအပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့ အခါ…..” တဲ့…..။
မေ့တတ်တဲ့ ဖိုးဆိုချင် ဆိုတဲ့ “ဟောဒီအပွင့် သီချင်းလေးကြားတိုင်း ချင်းတွင်းသူလေး ကိုလည်း သတိရလိုက်ပါနော်..
ရယ်စရာ-၂
ဒီတစ်ခါလည်း မေ့တတ်တဲ့သူလေး အကြောင်းပါဘဲ..။
ကိုမေ့ဘဲဆိုကြပါစို့။ ကိုမေ့တစ်ယောက် မြို့ကို ဈေးဝယ်သွားမှာမို့ သူ့ရဲ့သူငယ်ချင်းက လူကြုံမှာတာပေါ့။ ဘာမီတွန်ဆေးဝယ်ခဲ့ဖို့မှာတာပေါ့။ ကျန်တဲ့သူတစ်ချို့ကလည်းသူတို့ လိုအပ်တာလေးတွေ မှာကြတာပေါ့။ ဒီလိုနဲ့ ဆေးဆိုင်ရောက်သွားတာပေါ့။ ဆေးဆိုင်က ဘာဆေးလိုချင်လည်းလို့ မေးတော ကိုမေ့က နာမည်မေ့နေတယ်လို့ပြောတော့ ဆေးဆိုင်ကလည်း လူသုံးများတဲ့ ဆေးအမည်တွေပြောပြပါတယ်။ ဒါလည်း သတိမရဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ သတိရသွားတယ်။ နာမည်အပြည့်အစုံကို သူသတိမရဘူးတဲ့။ သူသတိရတာလေး ပြောပြမယ်ဆိုပြီးပြောပြလိုက်တာကတော့ “မီတွန်တော့ မီတွန်ဘဲ။ ဘာမီတွန်လဲတော့ မသိဘူး” တဲ့။
ကဲ..လည်လည်လာသူတွေ အိပ်မပျော်ရင်ဘဲဖြစ်ဖြစ်၊ နှာစေးတဲ့အခါဖြစ်ဖြစ် မီတွန်တော့မီတွန်လေး သောက်ကြပေါ့နော်…
Monday, 5 July 2010
သူငယ်ချင်းဆိုတာ......?????????????
သူငယ်ချင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ ...????????????။ အားလုံးဆွေးနွေးကြတာကတော့
့အမျိုးမျိုးပါပဲ။ သူငယ်ချင်းဆိုတာ.......
ကိုယ်နဲ့အမြဲအတူသွား၊ အတူစားတဲ့သူ၊ ကိုယ်နဲ့ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင်အမြဲရှိနေပေးသူ၊
ကိုယ်ရဲ့ကောင်းကျိုးကိုစဉ်းစားလုပ်ဆောင်ပေးသူ၊ ကိုယ်နဲ့ဝါသနာတူ ၊အကြိုက်ချင်းတူသူ၊
ကိုယ့်နဲ့အပြန်အလှန် နားလည်မှုရှိတဲ့သူ၊ ဘယ်လောက်အနေဝေးဝေး ခင်မင်မှုမပျက်ရှိနေတဲ့သူ၊
ကိုယ်ခံစားချက်၊ သူခံစားချက်ကိုနားလည်ပေးတဲ့သူ၊ ပူပင်သောကရောက်တဲ့အခါ
မျှဝေခံစားနားလည်ပေးသူ.... စသည်ဖြင့်အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်။
အတန်းချိန်ပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါသူငယ်ချင်းဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုပြီး
ပြန်တွေးနေမိတယ်။ ဒါပေမယ့် တိတိကျကျအဖြေမထွက်ဘူး...။ သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ကို
တိတိကျကျတွေးလို့မရပေမယ့် သူငယ်ချင်းတွေရဲ့တန်ဖိုးကိုတော့ ရင်ထဲမှာအလိုလိုနားလည်နေတယ်။
ဘ၀မှာရပ်တည်နေထိုင်တဲ့အခါ သူငယ်ချင်းဆိုတဲ့ အဖော်မွန်ကောင်းက လိုအပ်ပါတယ်....။
ကဲ....ဒီပို့စ်လေးကို လာရောက်လည်ပတ်ကြတဲ့ စာဖတ်သူတွေရော သူငယ်ချင်းဆိုတာကို
ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲဟင် ...???????????????
Friday, 2 July 2010
-----
ဦးနှောက်က အလုပ်ရှုပ်လို့။
ရုတ်တရက်သတိရ ၊ ရင်ဝကိုငုံ့ကြည့်
သြော်....နှလုံးသားမရှိတော့ပါလား။
(ဖတ်ဖူးတဲ့ကဗျာလေးတစ်ပိုဒ်ကိုကြိုက်လွန်းလို့မျှဝေခံစားခြင်းဖြစ်ပါသည်။)
Wednesday, 30 June 2010
ပီတိမျက်ရည်
မိဘဆွေမျိုးတွေနဲ့ဝေးနေတဲ့အခါ၊တစ်ယောက်တည်းအထီးကျန်ဆန်နေတဲ့အခါ၊တစ်ခြားတိုင်းပြည်မှာရောက်ရှိနေတဲ့အခါဝမ်းနည်းမှုကပိုပြီးဖြစ်လွယ်သလို၊စိတ်အားငယ်မှုတွေဖြစ်တတ်ပါတယ်။အထူးသဖြင့်တစ်ခြားတိုင်းပြည်ကိုရောက်နေပြီးနေမကောင်းထိုင်မသာဖြစ်တဲ့အခါဝမ်းနည်းအားငယ်မှုတွေပိုပြီးဖြစ်လာတတ်ပါတယ်။ဒီလိုအချိန်မှာအပေါင်းအသင်းသူငယ်ချင်းတွေရဲ့အားပေးမှုတွေ၊ဂရုစိုက်မှုတွေကြောင့်အားငယ်စိတ်တွေလျှော့လာတတ်ပါတယ်။
တစ်ခါကကျွန်မနေမကောင်းဖြစ်ခဲ့တုန်းကပေါ့။သူငယ်ချင်းတွေရဲ့အားပေးစကားတွေကြောင့်အားငယ်မှုတွေလျော့ခဲ့ရပါတယ်။ဒါပေမယ့်လည်းသူတို့တွေနဲ့ကတစ်နေရာဆီမှာအားတော့ငယ်မိပါတယ်။ကိုယ်နေတဲ့မြို့မှာကလည်းမြန်မာကမရှိပါဘူး။(ရှိတယ်လို့တော့ကြားမိပါတယ်။မတွေ့ဖူးပါဘူး။)အဲဒီလိုစိတ်ခံစားချက်တွေဖြစ်နေတဲ့အချိန်မှာကျွန်မနဲ့မေဂျာတူတဲ့ဂျပန်မသူငယ်ချင်းလေးကည(၉)နာရီလောက်မှာကျွန်မကိုဖုန်းဆက်ပြီးသူအဆောင်ရှေ့မှာရောက်နေတဲ့အကြောင်းပြောပါတယ်။နေကောင်း၊မကောင်းအခြေအနေလာကြည့်ပေးတာပါတဲ့။(နေ့လည်ကနေမကောင်းလို့အဆောင်ပြန်သွားတာသူကသိတယ်။သူကအခုမှကျောင်းကပြန်လာပြီးအိမ်ပြန်ရမှာပါ။ပြီးတော့သူကတစ်ခြားမြို့ကပါ။)အခက်အခဲရှိရင်သူကိုပြောဖို့၊အစစအရာရာဂရုစိုက်ပြီးနေထိုင်ဖို့ပြောပြတယ်။ပြီးတော့လည်းယူလာပေးတဲ့စားစရာတွေကဘယ်လိုပစ္စည်းတွေပါပြီးဘာအတွက်ကောင်းတယ်ဆိုတာကိုသေချာရှင်းပြပါတယ်။ဒီလိုညအချိန်ကြီးမှာလာပြီးအသေးစိတ်ဂရုတစိုက်ပြောပြတာရယ်၊ကိုယ်ဝမ်းနည်းအားငယ်နေတဲ့အချိန်မှာသူရောက်လာတာရယ်ကြောင့်အားငယ်မှုတွေအနည်းငယ်ပြေပျောက်လာပါတယ်။ဒါပေမယ့်ကျွန်မရဲ့မျက်ဝန်းကနေတော့မျက်ရည်တွေကျလာပါတယ်။ဒီမျက်ရည်တွေကတော့ဝမ်းနည်းလို့ကျလာတဲ့မျက်ရည်မဟုတ်ဘဲဝမ်းသာလို့ကျလာရတဲ့မျက်ရည်တွေပါ။ကိုယ့်ကိုဂရုတစိုက်နဲ့အားပေးဖော်သူငယ်ချင်းလေးရှိပါလားဆိုပြီး ပီတိဖြစ်ပြီးကျလာတဲ့ပီတိမျက်ရည်တွေပါ။ကျေးဇူးတင်ပါတယ်သူငယ်ချင်းလေးရယ်…..။
Monday, 21 June 2010
စကားပြောသောနှုတ်ခမ်းလေးတစ်စုံ
ကိုယ့်ရဲ့နှုတ်ခမ်းကပြောတဲ့စကားလေးတွေကြောင့်သူတစ်ပါးပျော်ရွှင်ရသလို၊တစ်ခါတစ်ရံမှာတော့စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်…။ခံစားမှုမျိုးစုံဖြစ်စေတာလည်းဒီနှုတ်ခမ်းလေးတွေပါဘဲ။ဒီနှုတ်ခမ်းလေးတွေကတစ်ခါတစ်ခါချစ်စရာကောင်းသလို၊တစ်ခါတစ်ခါကျတော့လည်း ချစ်စရာမကောင်းပြန်ဘူး…။ပြောလိုက်တဲ့စကားလေးကတော့ အတူတူပါဘဲ…ဒါပေမယ့်ခံစားချက်တွေမတူညီတဲ့အခါဒီစကားလေးတစ်ခွန်းကဘဲအဓိပ္ပါယ်တွေအမျိုးမျိုးဖြစ်လာရပြန်တာပေါ့..။ဒါကလည်းဖြစ်တတ်တဲ့သဘာဝလေးတွေပါ…..။ဒီလိုဖြစ်တတ်တဲ့သဘာဝလေးတွေကိုသိနေဖို့လိုသလို ကျင့်သုံးဖို့လည်း လိုပြန်တယ်။လောကကြီးမှာ လူအမျိုးမျိုးရှိသလိုစိတ်ကလည်းအထွေထွေရှိပါတယ်…။လူတစ်ယောက်ဆီမှာတောင်မှဘဲ စိတ်အမျိုးမျိုးဖြစ်နေတတ်ပါတယ်…။ စိတ်အခြေအနေတွေ အမျိုးမျိုးရှိနေတာ၊ဖြစ်ပေါ်ခံစားနေတာတွေဟာ လူတိုင်းသိပြီးသားအကြောင်းလေးတွေပါ။တစ်ခါတစ်ရံမှာသိသိချည်းနဲ့ကိုမဆင်ခြင်မိကြပါဘူး။စိတ်အခြေအနေအမျိုးမျိုးရှိတဲ့လူတွေကြားမှာနေထိုင်နေသရွေ့တော့ဒီနှုတ်ခမ်းလေးကနေဖြစ်ပေါ်လာမယ့်၊ပြောဆိုလာမယ့်စကားလုံးလေးတွေကလည်း အားလုံးနဲ့ဆီလျော်တဲ့၊ နားဝင်ခံသာတဲ့စကားလုံးလေးတွေဖြစ်ဖို့လိုလာပြန်ပါတယ်…။လူတစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသည်ဖြစ်စေ၊မရင်းနှီးသည်ဖြစ်စေ ပြောဆိုတဲ့စကားလေးတွေဟာတစ်ဖက်သားနားခံသာတဲ့စကားလေးတွေဘဲဖြစ်သင့်ပါတယ်။ငယ်ငယ်ကကျောင်းမှာဆိုခဲ့၊သင်ခဲ့ရတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။
“တစ်ယောက်စကား၊တစ်ယောက်နားမှာ၊
မခါးရအောင် သတိဆောင်၍၊မောင်တို့ဆိုစေ၊
ပျားသကာသို့ ချိုလှစေ။”
အရမ်းအဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာလေးပါ။
လူအမျိုးမျိုး စိတ်အထွေထွေရှိနေတဲ့ လောကကြီးထဲမှာ ကိုယ့်ရဲ့နှုတ်ခမ်းလေးတစ်စုံကြောင့်တစ်ပါးသူအတွက် ချစ်စကိုရှည်စေသော၊ကြည်နူးမှုကိုရစေသော၊ပျော်ရွှင်မှုကိုဖြစ်စေသောစကားလုံးလေးတွေဖြစ်လာသင့်ပါတယ်။သိမ်မွေ့နူးညံ့သောစကားလုံးလေးတွေပြောဆိုသင့်ပါတယ်။ဒီလိုစကားလေးတွေထွက်ဆိုသုံးနှုန်းတဲ့အတွက်ကိုယ်ရဲ့နှုတ်ခမ်းလေးတစ်စုံကြောင့်မင်္ဂလာရှိစေတဲ့အကြောင်းအရာလေးတွေဖြစ်ပေါ်လာစေမယ်လို့ထင်မိပါတယ်။ဒါကြောင့်မုန်းစကိုဖြစ်စေမယ့်၊ကြမ်းတမ်းတဲ့စကားလုံးလေးတွေထွက်စေမယ့် နှုတ်ခမ်းလေးတွေမဖြစ်ဖို့လိုပါတယ်။ဒါကြောင့်လူတိုင်းလူတိုင်းမှာချစ်ဖွယ်သောစကားလေးတွေဆိုတတ်သော၊သိမ်မွေ့နူးညံ့သောစကားလေးတွေသာဖြစ်ပေါ်လာစေသောနှုတ်ခမ်းလေးတွေပိုင်ဆိုင်ကြစေချင်ပါတယ်။
Sunday, 20 June 2010
ကျေးဇူးကြီးပေ၊ တို့ဖေဖေ
ဆုံးမသွန်သင် အမြဲပင်။
ကျောင်းနေချိန်တန် ရောက်ခဲ့ပြန်
ပညာယူရန် ဆုံးမပြန်။
ကျောင်းတက်နေစဉ် ချိန်များတွင်၊
ပညာပြည့်ဝ နှလုံးလှကာ
လူကောင်းလူမွန်၊ဖြစ်လာစေရန်
သွန်သင်ဆုံးမပေးသော ဖေဖေ။
ပညာစုံလာ ချိန်ခါမှာ
လောကအလယ် တင့်တယ်စေဖို့
သွန်သင်ဆုံးမပေးသော ဖေဖေ။
ဘ၀တစ်လျှောက်အေးချမ်းစေရန်၊
မြဲရည်သန်လျှက်
သွန်သင်ဆုံးမပေးသော ဖေဖေ။
သမီးနဲ့သား ဇနီးမယားကို
လောကအလယ် တင့်တယ်စေ၊
ရှာဖွေကျွေးပေ တို့ဖေဖေ။
ဖေဖေ့မေတ္တာ၊ကျေးဇူးတရားကား
ကြီးမားလွန်းနေ ရေးဖွဲ့မကုန်နိုင်ပေ။
(အားလုံးသောအဖေများကို ဂုဏ်ပြုသောအားဖြင့် အဖေများနေ့အမှတ်တရ)
Saturday, 19 June 2010
သံယောဇဉ်
သံယောဇဉ် တဲ့……။ စကားလေးကသုံးလုံးထဲနော်…..။ဒါပေမယ့်ဒီစာလုံးလေးတွေရဲ့နောက်ကွယ်မှာတော့ခံစားတဲ့သူတွေမှာမူတည်ပြီး လေးနက်မှုတွေ၊အဓိပ္ပါယ်တွေ အမျိုးမျိုးဖြစ်လာတယ်။မိဘနဲ့သားသမီး သံယောဇဉ်၊ မောင်နှမ သံယောဇဉ်၊ သူငယ်ချင်းသံယောဇဉ်၊ဆရာတပည့် သံယောဇဉ်၊ဆွေမျိုး သံယောဇဉ် စသဖြင့်ပေါ့လေ….။
သံယောဇဉ်ပုံစံတွေတူပေမယ့်လည်းလေးနက်မှုကမတူညီကြပြန်ဘူး…။ဒီသံယောဇဉ်တွေအပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာကြပြန်တယ်။ဝမ်းသာမှု၊၀မ်းနည်းမှု၊လွမ်းဆွေးမှုတွေ၊ပျော်ရွှင်ကြည်နူးမှုလေးတွေပေါ့။လေးနက်မှု အပေါ်မူတည်ပြီး ခံစားချက်အတိမ်အနက်တွေ ကွာခြားကုန်ပြန်ရော…။
သြော်…..လူတွေရဲ့စိတ်ခံစားမှုအမျိုးမျိုးကိုဖြစ်စေတဲ့အရာလေးကတော့ဒီသံယောဇဉ်လေးပါပဲ………….။ သံယောဇဉ် ဆိုတာလေးသာမရှိခဲ့ရင် လူတွေလည်း ခံစားချက်မဲ့ကုန်မလားမသိဘူးနော်…။ခံစားချက်မရှိရင် လူ့ဘ၀ကြီးကရော အဓိပ္ပါယ်ရှိပါဦးမလားနော်……..။
Tuesday, 1 June 2010
ကြားယောင်နေတယ်…..
ဒီနေ့ ဇွန်လ(၁)ရက်……….။
ကျောင်းတွေစပြီးဖွင့်တဲ့နေ့ပေါ့………။
ငယ်ငယ်ကဆိုခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကိုသတိရနေမိပါတယ်။
“ကျောင်းတက်ခေါင်းလောင်းထိုးပြီ၊တို့များ အတန်းဆီ။
ကျောင်းတက်ခေါင်းလောင်းထိုးပြီ၊တို့များ အတန်းဆီ။
ညီညီညာညာ စည်းကမ်းရှိပါမည်။
ညီညီညာညာ စည်းကမ်းရှိပါမည်။
အမိန့်သံကို နာခံ၊အလံအလေးပြုရမည်။
မျိုးချစ်စိတ်ကိုမွေးမည်၊တို့တစ်တွေ အလေးပြုရမည်။
အတန်းထဲကိုရောက်ရင် ညီစွာမတ်တပ်ရပ်ကာ၊
မင်္ဂလာပါဆရာ၊မင်္ဂလာပါဆရာ
နှုတ်ခွန်းဆက်သရပါမည်။
နှုတ်ခွန်းဆက်သရပါမည်။
မင်္ဂလာပါဆရာ….။၊”
ဒီကဗျာလေးကိုပြန်လည်အမှတ်ရရင်း နားထဲမှာလည်း မင်္ဂလာပါဆရာမ…..ဆိုတဲ့နှုတ်ခွန်းဆက်သံလေးတွေကို ကြားယောင်နေမိပါတော့တယ်။