Saturday 25 September 2010

ကျွန်မ ဘဝ အတွက် အားဖြစ်စေခဲ့သော သူတို့ရဲ့ စကားလေးများ

အခု ကျွန်မ ရေးထားတဲ့ စာတွေကတော့ ကျွန်မဘဝ အတွက် ခွန်အားတွေ၊ အင်အားတွေ ဖြစ်စေခဲ့တဲ့ စကားလုံးလေးတွေပါ။ ကျွန်မ အားငယ်တဲ့ အချိန်မှာဘဲ ဖြစ်ဖြစ်၊ စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ တွေ့ကြုံရတဲ့ အခါမှာဘဲ ဖြစ်ဖြစ် ဒီစကားလေးတွေကို ပြန်လည်ကြားယောင်ရင်း အားအင်တွေ ပြည့်ဝပြီး၊ ခွန်အားတွေ ဖြစ်ခဲ့ရပါတယ်။

"သမီးကြီး....ဘဝ အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ရတဲ့ အခါ ဆုံးဖြတ်ချက် မှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချဖို့ အတွက်လည်း သတိတရား လက်ကိုင်ထားပါ။ ရတနာသုံးပါးနဲ့ အနန္တော အနန္တ ငါးပါးကို အမြဲ ဦးထိပ်ထားပါ။လေ့လာရမယ့် စာပေကို ကြိုးစားလေ့လာပြီး၊ ပြန်လည် အသုံးချနိုင်အောင် ကြိုးစားပါ။" လို့ ဆိုတဲ့ ဖေဖေရဲ့ စကားလေးတွေ...

"လူမှုရေးမှာ အဆင်ပြေအောင်နေပါ။ အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေပါ။ ဗုဒ္ဓဆိုတာကို ရင်ထဲမှာ ကြည်ညိုလေးစားမှု သန္ဓေတည်ပြီး ရှိပါစေ။ အချိန်အားရတိုင်း ဘုရားစာ ရွတ်ပါ။ ပညာရေးမှာ ထူးချွန်အောင် ကြိုးစားပါ။ "လို့ အမြဲပြောတတ်တဲ့ မေမေရဲ့ ဆုံးမစကားလေးတွေ...

သူများတွေ အတွက် အမြဲ တွေးတော ပူပန်တတ်တဲ့ ကျွန်မအတွက် ညီမလေးက " တစ်ချို့ ကိစ္စတွေမှာ သူတို့ကို ကူညီတာထက် သူတို့ ဘာသာ လုပ်ဆောင်စေတာက သူတို့ကို ကူညီရာ ပိုရောက်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် လို့ "ပြောခဲ့ဖူးတယ်။ မောင်လေးတွေကတော့ "မမကြီးက စံပြဖြစ်အောင် ကြိုးစားပြနော်"တဲ့။

နောက်တစ်ခုကတော့ ကျွန်မရဲ့ အစ်ကိုရင်းတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ အစ်ကိုတစ်ယောက် က ကျွန်မ အဝေးမှာ ပညာသင်နေချိန် အမြဲမှာလေ့ရှိတဲ့ စကားလေးပါ.." စာကိုကြိုးစားပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ ဘုရား၊တရား ကိုလည်းမမေ့နဲ့ "တဲ့....။

ကျွန်မ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်တုန်းက ကျွန်မ သူငယ်ချင်း ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်လည်း အားတက်ခဲ့ရပါတယ်။ ကျွန်မက ဆယ်တန်းအောင်စဉ်က အမှတ်နည်းခဲ့တော့ ငယ်ငယ်ကတည်းက အတူပေါင်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အတူ ဆေး၊ စက်မှု တက်ခွင့်မရခဲ့ပါဘူး။ ကျွန်မ တစ်ယောက်ထဲ ရိုးရိုးမေဂျာရတာဆိုပြီး အားငယ်ချိန်မှာ သူငယ်ချင်းက "ဘယ်နေရာမှာဘဲရောက်ရောက် ကိုယ်ရောက်တဲ့နေရာမှာ ထိပ်ဆုံးက ရှိနေအောင် ကြိုးစားပါတဲ့။ "ယခုထိလည်း ကြားယောင်နေဆဲပါ။

သူငယ်ချင်းတွေ အပေါ်မှာ သံယောဇဉ်ကြီးပြီး ပူပန်တတ်တဲ့ ကျွန်မကို အမြဲ သတိပေးတတ်တဲ့ နောက်သူငယ်ချင်းလေးတစ်ယောက်ကတော့ "သူများတွေ အတွက် သိပ်ပြီး စိတ်မပူနဲ့တဲ့၊ ကိုယ်စိတ်ပူနေတော့ ကိုယ်ဘဲ ပင်ပန်းတာတဲ့။ စိတ်ကို သူများအတွက် တအားနှစ်မထားဘဲ နေတတ်အောင်နေပါ။ တစ်ခါတစ်လေ ဥပက္ခာပြုသင့်တာကို ဥပက္ခာပြုတတ်ရတယ် ။ မြတ်စွာဘုရားက ဘာဖြစ်လို့ အားလုံးကို မကယ်တင်ခဲ့တာလဲ ။"တဲ့..
"( ကျွန်မက ဘာပဲဖြစ်ဖြစ် အရမ်းပူပန်တတ်လို့လေ :) )

ကျွန်မ ငယ်ငယ်ကနေ ယခုထိ ပညာသင်ခဲ့ချိန်မှာ ပြောဆို ဆုံးမခဲ့တဲ့ ဆရာ၊ဆရာမတွေရဲ့"ဘယ်နေရာရောက်ရောက် စည်းကမ်းရှိဖို့၊ အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ ပညာကို ကြိုးစားသင်ယူဖို့" ဆိုတဲ့စကားတွေကလည်း အားအင်တွေ ဖြစ်စေခဲ့ပါတယ်။

ကျွန်မ ဘဝအတွက် စိတ်ခွန်အားတွေ ရခဲ့တာတွေဟာ မိဘ၊ မောင်နှမတွေ၊ ဆရာ၊ဆရာမတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောဆို ဆုံးမ၊ အကြံဥာဏ်ပေးခဲ့တဲ့ စကားလေးတွေကြောင့် ဖြစ်ပါတယ်။

ဒီပို့စ်လေးကတော့ အားလုံးရဲ့ ကျေးဇူးကို သတိရ၊ အောက်မေ့ပြီး မွေးနေ့ အမှတ်တရ အဖြစ်ရေးသားခြင်းဖြစ်ပါတယ်။

5 comments:

  1. အေးစပယ်26 September 2010 at 00:44

    ဒီပိုစ်.လေးကိုဖတ်တဲ.အချိန်မှာအော်...........အချိန်တိုင်းရှိနေပါလား..........

    ReplyDelete
  2. (မ) ချင်းတွင်းသူ အရေးအသားတွေ ဖတ်လို့ ပိုကောင်းလာကြောင်းပါဗျ။ တစ်ပတ် တစ်ပုဒ်လောက် ရေးလေဗျ။

    ReplyDelete
  3. ဟုတ်တယ်..။ ဒီပိုစ်လေးကို သဘောကျတယ်။ နောက်ထပ်များများ ရေးပါဦး..။

    မှတ်သားထိုက်တဲ့ စကားများမို့ အစ်မလည်း မှတ်သားသွားပါတယ်။

    ReplyDelete
  4. ဟက်ပီးဘတ်ဒေးနော်...း)).. စားလို့လည်း ကောင်းပါ့... :D


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. ကိုလုံးတုံးတို့၊ အစ်မ လသာညတို့ရဲ့ comment တွေကလည်း ကျွန်မ အတွက် စာတွေ ဆက်ရေးနိုင်ဖို့ ခွန်အားတွေပါဘဲ။ မောင်လေး နေ၀သန် မွေးနေ့ ဆုတောင်းအတွက်ရော၊ စားလို့ ကောင်းတယ် ဆိုလို့ရော ၀မ်းသာပါတယ်။

    အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော် :)။

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ