Tuesday 30 November 2010

ရင်မောရတဲ့ ညနေလေးများ

သဇင်တို့တွေက မြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျောင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေပါ။ သဇင်တို့လိုဘဲ မြို့ကနေ နေ့ချင်းပြန် ကျောင်းတက်ကြတဲ့ ဆရာ၊ ဆရာမ ၇ ယောက်လောက်ရှိပါတယ်။ သဇင်တို့ကျောင်းက မြို့နဲ့ ဝေးလွန်းတာလည်း မဟုတ်၊ နီးလည်း သိပ်ပြီး မနီးလှဘူး။ ကျောင်းက အဝေးပြေး ကားလမ်းဘေးမှာ ရှိပါတယ်။ အဝေးပြေး ကားလမ်းဘေးမှာ ရှိတယ် ဆိုပေမယ့် သွားရေး၊ လာရေးက တစ်ခါတစ်ခါ သိပ်အဆင်မပြေပြန်ဘူး။ ညနေ ကျောင်းဆင်းချိန်ဆို ကား သိပ်မရှိတော့ဘူး။
ကားမရှိဘူး ဆိုတာက အထူးသဖြင့် လိုင်းကားပေါ့။ အဝေးပြေးကားတွေ ကတော့ ရှိတတ်ပါတယ်။ အဝေးပြေးကားတွေကလည်း လိုင်းကားတွေ ဆွဲတဲ့ နေရာ အပိုင်းအခြားဖြစ်နေတော့ သိပ်မတင်ချင်ပြန်ဘူး။
သဇင်တို့တွေ မနက်ခင်း ကျောင်းလာချိန်မှာ လိုင်းကားက အဆင်ပြေပေမယ့် ညနေ ပြန်ချိန်ဆို အမြဲ စိတ်ညစ်ရပါတယ်။ စာသင်ချိန်ပြီးလို့ ကျောင်းဆင်း၊ လိုင်းကားကမရှိဆိုတော့ မောသွားတာဘဲ။ တစ်ခါတစ်ရံ ကံကောင်းရင်တော့ ကျောင်းဆင်းချိန်မှာ လိုင်းကား တစ်စီးလောက်တော့ မှီတတ်ပါတယ်။ အဲဒီလို နေ့မျိုးဆို ပျော်မိတာ အမှန်ပါ။
ဒါပေမယ့် လိုင်းကား မရှိတော့တဲ့ ညနေတွေမှာတော့...
ကျောင်းရှေ့မှာ သဇင်တို့ ဆရာမ အဖွဲ့တွေ ကားလာမယ့် ဘက်ကို မျှော်ကြည့်နေရတာပေါ့။ ကားတစ်စီးလာလို့ တားတယ်။ ရပ်မပေးပြန်တော့ ရင်မောရပြန်တယ်။ နောက်တစ်စီး လာပြန်.. တားပြန်.. မရပ်ပြန်နဲ့ ဒီလိုဘဲ ကားရတဲ့ အထိ စောင့်ရတာပေါ့။ တစ်ခါတစ်ခါ မိသားစု ကိုယ်ပိုင်ကားလေးတွေက လမ်းကြုံရင် ခေါ်တင်တတ်ပါတယ်။ ကိုယ်ပိုင်ကားတိုင်းတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ခါ မြို့ဘက်ကို သွားတဲ့ ဆိုင်ကယ်တွေကို တားပြီး တင်ခေါ်ဖို့ ပြောရပါတယ်။ အဲလို အချိန်မျိုးမှာ ရပ်ပြီးတင်ခေါ်သွားတဲ့ သူရှိသလို၊ မခေါ်တဲ့ ဆိုင်ကယ်ကများပါတယ်။ တစ်ချို့ဆိုင်ကယ်တွေဆို ဆရာမတွေ ကျောင်းရှေ့ ရပ်နေတာကို အဝေးက မြင်တာနဲ့ ဆရာမတွေက လမ်းဒီဘက်မှာ ရပ်နေရင် လမ်းရဲ့ တစ်ခြားတစ်ဖက်ကနေ ကပ်ပြီးမောင်းသွားကြပါတယ်။ တစ်ချို့သူတွေကျပြန်တော့လည်း ဆိုင်ကယ်ဘဲဖြစ်၊ ကားဘဲဖြစ်ဖြစ်ရပ်ပြီးတော့ ဆရာမတို့ ဘယ်အထိ သွားကြမှာလဲဗျာ/ရှင်..လို့ မေးပြီးတော့ သူတို့နဲ့ လမ်းကြုံရင် တင်ခေါ်ကြပါတယ်။ အဲဒီ အချိန်ဆို ပျော်မဆုံးပေါ့ရှင်...။
သဇင်တို့တွေ ကားဘဲတားတား၊ ဆိုင်ကယ်ကိုဘဲ အကူအညီ တောင်းတောင်း ခေါ်တင်မသွားတဲ့အခါ ရင်မောရပါတယ်။ ဒီလို အချိန်မှာ ဘ၀အမောလေးတွေ ပြေပါစေရယ်လို့ ဟသလေးတွေနှောရတာပေါ့။ သဇင်တို့ အဖွဲ့ ပြောနေကျ စကားလေးတစ်ခွန်းရှိတယ်။ စပြီး ဒီစကားလေးကို ပြောတဲ့သူကတော့ ရူပဗေဒ သင်တဲ့ဆရာမပေါ့။ "အိမ်မပြန်ရမှာတော့ မပူနဲ့၊ ကမ္ဘာကြီးက လုံးပါတယ်တဲ့။" ကမ္ဘာကြီးကလုံးတော့ အိမ်ကိုတော့ တစ်ချိန်ချိန်ရောက်မှာဘဲတဲ့။ ကားတစ်စီးတားလို့ မရပ်ပြန်ရင် ကမ္ဘာကြီးကလုံးပါတယ် ဆိုတဲ့ စကားလေးကို အချင်းချင်း စနောက်ပြောကြရင်း အိမ်ပြန်ဖို့ ညနေတိုင်းလိုလို ကားစောင့်ကြရတာပေါ့။
တစ်ခါတစ်ခါ ကျောင်းရှေ့ ကားစောင့်လို့မရတဲ့အခါ ကားရပ်တတ်တဲ့နေရာအထိ တစ်ဖွဲ့ကြီး လမ်းလျှောက်ရင်းနဲ့ သွားပြီးစောင့်ကြရတာပေါ့။ လမ်းလျှောက်ရင်းနဲ့ဘဲ နောက်ကနေ ကားများလာခဲ့ရင် မသိလို့ မတားလိုက်မိမှာ စိုးလို့ ရှေ့ကို ကောင်းကောင်းကြည့်ပြီး လမ်းမလျှောက်နိုင်ဘဲ နောက်ပြန်ကြည့်ရတာ အမောပေါ့။ ကံကောင်းတဲ့နေဆိုရင်တော့ အိမ်ကို ပုံမှန်ချိန် ပြန်ရတတ်ပေမယ့် ကားရှားတဲ့နေ့ဘဲဖြစ်ဖြစ်၊ ကားတားရက်နဲ့ ရပ်မပေးလို့ အချိန်တော်တော်ကြာကြာ ကားစောင့်ရတဲ့နေ့မျိုးဆိုရင်တော့ အိမ်ကို ညနေ ၆ နာရီလောက်မှပြန်ရောက်ပါတယ်။ ကျောင်းဆင်းချိန်ကတော့ ညနေ ၄ နာရီပါ။ မြို့နဲ့ကျောင်းနဲ့က ပုံမှန်ကားမောင်းနှုန်းနဲ့ဆို ၃၅မိနစ်လောက်ပဲကြာပါတယ်။ လမ်းမှာ လူ အတက်အဆင်းများရင်တော့ အချိန် မမှန်ဘူးပေါ့။
သဇင်တို့လည်း ဒီကျောင်းကနေ မပြောင်းရမချင်း ရင်မောရတဲ့ ညနေလေးတွေကို ပိုင်ဆိုင်နေရအုန်းမှာပါ။ ဒါပေမယ့် ဒီရင်မောရတဲ့ ညနေလေးတွေက တစ်ချိန်ချိန်မှာ ပြန်ပြောင်း အမှတ်ရစရာလေးတွေ အဖြစ်နဲ့လည်း ကျန်ရှိနေအုန်းမှာပါ။

Monday 29 November 2010

ရွက်ကြွေချိန်


ရွက်ဝါကြွေကျ၊ နွေကာလ
လွမ်းဆွေးသလို ခံစားရ။
ရော်ရွက်နီတွေ၊ ကြွေကာကျ
ဆောင်းဦးမှာလဲ လွမ်းဆွေးရ။
သို့ပေသော်လည်း...
ရွက်ဝါကြွေမှ နွေအလှ၊
ရွက်နီကြွေမှ ဆောင်းဦးအလှ၊
ပိုမိုပြည့်စုံ လှလှပ။


(မှတ်ချက်။ ။ နွေရာသီ ဓါတ်ပုံ ရှာမတွေ့လို့နော်။)

Sunday 28 November 2010

သူတို့တွေလည်း လဲတတ်ပါတယ်...

ငယ်ငယ်က သင်ခဲ့ရတဲ့ စာလေးကို ပြန်သတိရမိပါတယ်။

"လဲနေသူ ထူပေးပါ။
အားငယ်သူကို အားပေးပါ။"
တဲ့...။

လောကမှာ အားငယ်သူကို အားပေးရမယ်။ ဖေးမရမယ် ဆိုတာဟာ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတတ်တဲ့ အသိလေးတစ်ခုပါ။ ဒါပေမယ့်လည်းလေ အားမငယ်တတ်တဲ့သူရယ်လို့ မရှိကြပါဘူး။ အားမငယ်အောင်၊ လဲမကျအောင် ကိုယ့်ကိုယ်ကို ထိန်းပြီးနေကြတာပါ။ ဒါပေမယ့် ဒီအချက်ကို သတိမထားမိသူတွေ ရှိတယ်။ အားငယ်သူတွေမှာဘဲ အားငယ်တတ်တာ မဟုတ်ပါဘူး။ အားမငယ်တတ်အောင် နေတတ်သူတွေမှာလည်း အားငယ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ ကြားဖူးတဲ့ စကားလေးလည်းရှိပါတယ်။ လူတစ်ယောက်က သူရဲ့ ပုံစံ၊ အမူအရာက သာမာန်သူတွေထက်ကို ပိုပြီးတင်းလွန်းတာတို့၊ သူပုံစံက ဘာမဆို လုပ်ဆောင်နိုင်တဲ့ ပုံစံမျိုးတို့ ရှိလာခဲ့ရင် သူ့နောက်ကွယ်မှာ အားနည်းချက် တစ်ခုခုကတော့ရှိနေတတ်ပါတယ်တဲ့။ ဒီလိုပုံစံကို ကိုယ်တွေ့ ကြုံဖူးပါတယ်။ အမှန်တကယ်လည်း သူ့မှာ အားငယ်စရာ၊ အားနည်းချက် အကြောင်းအရာ ရှိနေခဲ့ပါတယ်။ အားငယ်သူတွေကို အားပေး၊ လဲနေသူတွေကို ထူပေးကြသလို၊ အားမငယ်တတ်ဖူးလို့ထင်ရသူတွေကို အားမပေးခဲ့ရင်၊ ထူမပေးခဲ့ရင်တောင်မှ ဖြည့်ပြီးတွေးပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေလည်း လဲတတ်ပါတယ်။

Monday 22 November 2010

လာလည်ကြပါနော်..။

ဘလော့ခ်ဂါ မောင်နှမများအတွက် တန်ဆောင်တိုင် အမှတ်တရ စတုဒီသာဖြင့် တည်ခင်း ဧည့်ခံ လိုက်ပါတယ်။ အားပေး သုံးဆောင် သွားကြပါနော်။
အခါကြီး ရက်ကြီးမှာ သက်သတ်လွတ်စားတတ်ကြတဲ့ မောင်နှမများ အတွက်ရော အဆင်ပြေအောင် အားလုံး အတွက် သက်သတ်လွတ် ကြာဇံကြော်လေးပါ။


ကြာဇံကြော် သုံးဆောင်ပြီးတဲ့အခါ အချိုတည်းဖို့ အတွက် ကျောက်ကျောနဲ့ လက်ဖက်သုပ် စီစဉ် ပေးထားပါတယ်။ အားမနာတမ်း စိတ်ကြိုက် အားပေး သုံးဆောင်ကြပါနော်။





တန်ဆောင်တိုင် အမှတ်တရ
ချင်းတွင်းသူ

Saturday 20 November 2010

ကျေနပ်နိုင်ပါစေ။

ပန်းလေးတစ်ပွင့် ပန်ဆင်လိုက်လို့
ချီးမွမ်းပြောကြ သူ့အလှ
ကျေနပ်နေမိ ပန်းကလေးက။
ဆားလေးတစ်ပွင့် ထည့်ချက်လိုက်လို့
အရသာရှိလှ ဟင်းတစ်ခွက်ရ
ကျေနပ်နေမိ ဆားကလေးက။
သူတို့တွေလို.....
သူတစ်ပါး ဘ၀အလှ၊ မိမိက
ဖြည့်ပေးလို့လှ၊ ရှိလာက
ထုတ်ဖော်မပြု၊ ချီးမွမ်းမှုကို
ကျေနပ်နိုင်ပါစေ။