Saturday 22 January 2011

နမ်းသူမဲ့သော ပန်းသဇင်

ဆောင်းနှင်းဖွေးဖွေးကျနေတဲ့ နံနက်ခင်းလေးတစ်ခု....။
တက်ကြွမှု အပြည့်ရှိနေကြတဲ့ လူငယ်လေး တစ်စု...။

သူတို့လေးတွေကတော့ အနာဂတ်မှာ လှပစွာ တင့်တယ်လာကြမယ့် အနာဂတ်ရဲ့ သားကောင်းရတနာလေးတွေပါ။ အေးမြလှတဲ့ နံနက်ခင်းလေးမှာ တက်ကြွတဲ့ လူငယ်လေးတွေကိုကြည့်ရတာ အရမ်းကို ကြည်နူးဖွယ် ကောင်းပါတယ်။ သူတို့လေးတွေကတော့ ကျောင်းမှန်မှန်တက်၊ စာလည်းကြိုးစားကြတဲ့ ထွန်းထွန်းတို့ သူငယ်ချင်းတစ်စုပါ။ အခုလည်း ကျောင်းမှာ ဒီဇင်ဘာလ အားကစားပွဲ ရှိတဲ့အတွက် ယှဉ်ပြိုင်၊အားပေးဖို့ လာရောက်နေကြခြင်းပါ။ သူတို့လေးတွေက စာပေမှာ ထူးချွန်သလို အားကစားမှာလည်း မဆိုးကြပါဘူး။ တခါတရံမှာတော့ စာပေဘက်မှာ အားနည်းပြီး အားကစားမှာ ထူးချွန်တဲ့ ကျောင်းသားတွေလည်း ရှိတတ်ပါတယ်။

ထွန်းထွန်းတစ်ယောက်က စာလည်းကြိုးစားပြီး ကျောင်းစည်းကမ်းလည်း လိုက်နာပါတယ်။ သူ အကြောက်ဆုံး ကတော့ ကျောင်းစည်းကမ်းမလိုက်နာမိလို့ အပြစ်ပေးခံရမှာကိုပါ။ ကျောင်းအုပ်ဆရာကြီးက စည်းကမ်းကြီးသလို အရိုက်လည်း ကြမ်းပါတယ်။ ကျောင်းသားတိုင်း ကြောက်ကြပါတယ်။

ထွန်းထွန်းရဲ့ မိဘတွေကတော့ သာမာန် ၀န်ထမ်းတွေပါ။ ထွန်းထွန်းက မောင်နှမထဲမှာ အကြီးဆုံး ဖြစ်တဲ့အတွက် တခါတရံ အိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီ လုပ်ကိုင်ပေးရပါတယ်။ သူနေတဲ့ ရပ်ကွက်က ကျောင်းနဲ့ အနည်းငယ် လှမ်းပါတယ်။ စက်ဘီးစီးပြီးလာရင်တောင်မှ ၄၅မိနစ်လောက် ကြာပါတယ်။

တစ်နေ့မှာတော့ ထွန်းထွန်းတစ်ယောက် လမ်းမှာ စက်ဘီးပျက်ပြီး ကျောင်းချိန် နောက်ကျခဲ့ပါတယ်။ ကျောင်းနောက်ကျနေလို့ ထွန်းထွန်းလည်း ကျောင်းမသွားဘဲ အိမ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ကလည်း ကျောင်းစုဝေးပွဲ ရှိတဲ့နေ့ပါ။ ဆရာမက အတန်းမှာ လူစစ်တော့ ထွန်းထွန်း ကျောင်းပျက်နေတာကို တွေ့ရပါတယ်။ ကျောင်းအုပ်ကြီးက ခွင့်မတိုင်ဘဲ ပျက်တဲ့ ကျောင်းသားကို အပြစ်ပေးရမယ်လို့ ကျောင်းစုဝေးပွဲမှာဘဲ ကြေငြာပြောဆိုလိုက်ပါတယ်။ ကျောင်းအုပ်ကြီးပြောတာကို ထွန်းထွန်းရဲ့ သူငယ်ချင်းတွေက သူ့ကို ပြန်ပြောခဲ့ပါတယ်။ အစကတည်းက အကြောက်ကြီးတဲ့ ထွန်းထွန်းက ကြောက်ပြီး ကျောင်းကို မလာရဲဘူးဖြစ်နေပါတယ်။

မိဘတွေကလည်း ပညာရေးကို အားပေးတဲ့အပြင် ဒီနှစ်က ဆယ်တန်းဖြစ်လို့ ပိုဂရုစိုက်ကြပါတယ်။ နောက်တစ်နေ့ ထွန်းထွန်းတစ်ယောက် မိဘကြောင့် ကျောင်းလာနေရပေမယ့် ကျောင်းကိုလည်း မသွားရဲ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာဘဲ သူနဲ့ ငယ်ငယ်က အတန်းတူ သူငယ်ချင်း ညီညီနဲ့ နောက်တစ်ယောက်ကို လမ်းမှာတွေ့တယ်။ သူတို့တွေက ကျောင်းမနေဘဲ လေနေတဲ့ သူတွေပေါ့။ ဒီနေ့လည်း ထန်းရည်သောက် သွားကြမလို့တဲ့။ ထွန်းထွန်းလည်း ကျောင်းကို မသွားရဲတာနဲ့ သူတို့နဲ့ အတူ အဲဒီနေ့က ကျောင်းပုန်းဖြစ်ခဲ့တယ်။ မိဘကတော့ မသိဘူးပေါ့။ ကျောင်းပုန်းရတဲ့ အရသာကိုတော့ ထွန်းထွန်း သိသွားတယ်။ လူငယ် ဆိုတော့ ပျော်ရွှင်မှုကို ပိုမြတ်နိုးတာပေါ့။ နောက်တစ်နေ့တော့ ထွန်းထွန်း ကျောင်းပြန်တက်ခဲ့တယ်။ ကျောင်းအုပ်ဆရာကြီး ခရီးထွက်နေလို့ အပြစ်မခံယူရသေးပေမယ့် အတန်းပိုင်ဆရာမက မေးမြန်းပြီးလို့ ပေးတဲ့ အပြစ်တော့ ခံပြီးရပါပြီ။ ကျောင်းအုပ်ကြီးပြန်ရောက်လာတဲ့ အခါမှာ အပြစ်ဒဏ် ခံယူပြီးဖြစ်တဲ့အတွက် နောက်တစ်ကြိမ် အပြစ် မပေးခဲ့ပါဘူး။ ဒါပေမယ့် ထွန်းထွန်း တစ်ယောက် ကျောင်းပုန်းရတာကို နှစ်သက်နေမိတဲ့အတွက် မကြာခဏ ဆိုသလို ကျောင်းပုန်းတတ်လာခဲ့ပါတယ်။ ထွန်းထွန်းကျောင်းပျက်များလို့ မိဘကိုခေါ်တွေ့ခဲ့ပါတယ်။

တစ်နေ့မှာတော့ ထွန်းထွန်းတစ်ယောက် ကျောင်းကိုရောက်မလာပါဘူး။ ဒါပေမယ့် ညနေကျောင်းဆင်းခါနီးမှာ ရဲတပ်ဖွဲ့ဝင် တစ်ချို့ကျောင်းကို ရောက်လာပြီး ထွန်းထွန်းတို့ သူငယ်ချင်းတစ်စု ဘိန်းဖြူခိုးပြီး သုံးစွဲနေတာ တွေ့လို့ ကျောင်းကို လာပြီး အကြောင်းကြားပါတယ်။ သူတို့တွေကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ် လို့ ပြောပါတယ်။

စာတော်ပြီး လိမ္မာတဲ့ ကျောင်းသားတစ်ယောက် မဆင်မခြင်နဲ့ အတွေးမှားပြီး အပေါင်းအသင်းမှားခဲ့တဲ့ အတွက် အားလုံးက မျှော်လင့်ထားသလို လှပတဲ့ သဇင်ပန်းလေးတစ်ပွင့်လိုဖြစ်မလာတော့ဘဲ ဘိန်းဖြူရဲ့ သားကောင်အဖြစ်နဲ့ နမ်းသူမဲ့တဲ့ ပန်းသဇင်ဖြစ်ခဲ့ရပါတယ်။

ထွန်းထွန်းရဲ့ အဖြစ်ကို နမူနာယူရင်း ကျောင်းသားတွေကလည်း အပြစ်လုပ်ခဲ့မိရင် ရဲရဲဝံ့ဝံ့ ခံယူသင့်သလို၊ အပြစ်ပေးတဲ့ ဆရာ၊ ဆရာမများအနေနဲ့လည်း အမှန်တကယ် အပြစ်ကျူးလွန်ခြင်းရှိ၊ မရှိ သေချာ စစ်ဆေးပြီးမှ အပြစ်ပေးသင့်ပါတယ်။

Sunday 16 January 2011

မဆုံတဲ့ ဖူးစာ

ဒီနေ့ စနေနေ့ အလုပ်ပိတ်ရက်လည်းဖြစ်၊ တခြား အထွေအထူးလည်း လုပ်စရာ မရှိတာနဲ့ စာအုပ်စင်ကလည်းရှုပ်နေလို့ ရှင်းနေမိပါတယ်။ ကျွန်မရော ဖေဖေ၊ မေမေ ပါ စာဖတ် ၀ါသနာ ပါကြပါတယ်။ စာအုပ်စင်ရှင်းရင်းနဲ့ စာအုပ်တစ်အုပ်ကို တွေ့မိတဲ့ အချိန်မှာ အတိတ်ရဲ့ အရိပ်တွေ ထင်ဟပ်လာပြီး ဒီစာအုပ်လေးနဲ့ ပတ်သက်တဲ့ သူအကြောင်းလေး တွေးနေမိပါတယ်။

သူဆိုတာကတော့ ကျွန်မနဲ့ တစ်ချိန်က ပတ်သက်ခဲ့သူပေါ့။ ပြောရမယ့်ဆိုရင်တော့ တစ်ချိန်က ကျွန်မရဲ့ ချစ်သူပေါ့။ သူနဲ့ ကျွန်မက ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ နားလည်မှု ကိုယ်စီနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူငယ်ချင်းဘ၀မှာ ကတည်းက ကျွန်မက သူ့ကို အစစအရာရာ နားလည်ပေးခဲ့ သလို သူကလည်း ဘာအကြောင်းဘဲ ဖြစ်ဖြစ် ကျွန်မကို အမြဲတိုင်ပင်ပါတယ်။ သူငယ်ချင်းလိုဘဲ နေလာရင်းနဲ့ ကျောင်းပြီးလို့ အလုပ် ကိုယ်စီ ဖြစ်လာချိန်မှာတော့ ကျွန်မတို့နှစ်ယောက် တစ်နေရာစီ ဖြစ်သွားခဲ့ပါတယ်။ လူက တစ်နေရာစီဖြစ်သလို အဆက်အသွယ်လည်း သိပ်မရခဲ့ပါဘူး။ တစ်နှစ် တခါ လောက်ပဲ ပြန်ဆုံဖြစ်ကြပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ အမြဲရှိပြီး စိတ်ချင်းနီးနေကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒီစာအုပ်လေးကတော့ ချစ်သူ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ သူပေးခဲ့တဲ့ စာအုပ်လေးပါ။ ကျွန်မက စာဖတ်ဝါသနာပါသလို သူကလည်း စာဖတ်တာကို နှစ်သက်တယ်။ ချစ်သူတွေ ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် လူချင်းကတော့ သူငယ်ချင်း ဘ၀တုန်းကလိုဘဲ တစ်နှစ်မှ တခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ တွေ့ဆုံမှုနည်းလို့ သွေးအေးသွားလို့ လည်း မဟုတ်။ သူငယ်ချင်းလိုမျိုး သံယောဇဉ်ပိုတာကို အချစ်လို့ မှားပြီး ကောက်ချက်ချမိကြလို့လည်း မဟုတ်ပေမယ့် သူနဲ့ ကျွန်မ ဖူးစားမဆုံဖြစ်ခဲ့ကြပါဘူး။ သူနဲ့ ကျွန်မ တကယ့်ကို ချစ်ခဲ့တာပါ။ ကွဲကွာသွားတာကလည်း သူများတွေလို အထင်မှားစရာရှိလို့၊ မိဘချင်းမပြေလည်လို့ ၊ မချစ်နိုင်စရာ အကြောင်းတွေရှိလို့ မဟုတ်ပါဘူး။ ချစ်ရက်နဲ့ကို လမ်းခွဲခဲ့ရတာပါ။ ဘာမှ ပြောစရာ မရှိလောက်အောင် အခြေအနေကောင်းတွေ ရှိနေပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာဆိုတာက ရှိနေပြန်ပါတယ်။ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူရဲ့ သမီးကို လက်ထပ်ယူလိုက်ရလို့ပါ။ ကောင်မလေးက ငယ်ရွယ်ပြီး သွက်သွက်လက်လက်ရှိသလို သူ့အပေါ်မှာ အရမ်းကို ချစ်နေမိတာပါ။ လောကမှာ ထောက်ထားစရာတွေ ရှိတာ ကောင်းလည်းကောင်းသလို၊ မကောင်းတဲ့အခါလည်း မကောင်းပါဘူး။ ကျွန်မလည်း သူ့ကို ငယ်ငယ်ကတည်းက အမြဲ နားလည်ပေးခဲ့ရတာ ဒီတစ်ကြိမ်လည်း ကျွန်မ နားလည်ပေးလိုက်ရပြန်ပါတယ်။ သူနဲ့ ကျွန်မ က ဖူးစာကံ မပါလို့ လို့ဘဲ မှတ်ယူရင်းနဲ့ပေါ့....။

သူကတော့ အကောင်းဆုံး မိသားစု ဘ၀လေးကို တည်ဆောက်နိုင်ခဲ့ သလို ကျွန်မလည်း ဖေဖေ၊မေမေတို့ အတွက် အားအကိုးရဆုံး သမီးတစ်ယောက် အနေနဲ့ဘဲ အခုအချိန်ထိ ရပ်တည်နေတော့ပါတယ်။

Friday 14 January 2011

ခရီးသွားခြင်းရဲ့ အကျိုး

ခရီးသွားခြင်း အကျိုး ဆိုလို့ ခရီးသွားလို့ ရလာတဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေလို့ ထင်ရင်တော့ လုံးဝချည်းကို လွဲသွားမယ် စာဖတ်သူများရေ...။ အခုရေးမယ့် ပို့စ်လေးကတော့ ခရီးသွားတဲ့ရက်မှာ အဆောင်က သန့်ရှင်းရေး လုပ်တဲ့ရက်နဲ့က တိုက်နေတော့ အစားပြန်လုပ်ပေးရတဲ့ အကြောင်းလေးပါ။ ဂျပန်မှာ ပေါက်ပြားပေါက်ဖူးတဲ့ အတွေ့အကြုံလေးတော့ ရသွားတာပေါ့။ အဆောင်က ၂လ ၁ကြိမ် အမြဲ သန့်ရှင်းရေးလုပ်တယ်။ ဒီလောက် ၂လ ၁ကြိမ်တည်း လုပ်တာကို ခရီးထွက်တာနဲ့ ကြုံဖြစ်အောင်ကြုံတာ။

ပထမ တစ်ခါကတော့ ပေါက်ပြားပေါက်ရဘူး။ အဆောင်ရှေ့က သစ်ပင်တွေမှာ အရွက်တွေကြွေတော့ သစ်ရွက်ခြောက်လေးတွေဘဲ တံမြက်စည်းလှဲရုံဘဲ။ ဒီတခါတော့ သစ်ပင်မှာ အရွက်တွေ မရှိတော့လို့ သန့်ရှင်းရေး သိပ်လုပ်စရာ မရှိလောက်ဖူးလို့ သူငယ်ချင်းကပြောတယ်။ ဒါပေမယ့် ဒီနေ့ သန့်ရှင်းရေးလုပ်ဖို့ အဆောင်မှုးဆီကို သွားတော့ ရုံးခန်း အ၀မှာ ပေါက်ပြားက အဆင့်သင့် စောင့်နေတယ်။ အဲဒီကျမှ မုန့်ဟင်းခါးကို အကြော်တွေ၊ ဘာတွေနဲ့ စားရတော့မယ် ဆိုတာ သိလိုက်တော့တယ်။ အဆောင်မှုးက မြက်ပေါက်ရမယ့်နေရာ ခေါ်သွားပြီး မြက်ပေါက်ခိုင်းတော့တာဘဲ။ တော်သေးတယ်။ အခြား အဖော် ၂ယောက် ရှိသေးလို့။ ဂျပန်မှာ ပေါက်ပြားပေါက်ရတဲ့ အမှတ်တရ ပေါက်ပြားလေးကို ဓါတ်ပုံကို ရိုက်ထားချင်တာ။ မှတ်မှတ်ရရပါဘဲ။ ခရီးသွားလို့ ရတဲ့ သူများတွေနဲ့ မတူတဲ့ အကျိုး.....။

Monday 3 January 2011

ဖြစ်တတ်တဲ့ လူ့သဘာဝ

လိုလျှင် အသုံးချ၊ မလိုလျှင် မုန်းကြ။

လိုလျှင် သတိရ၊ မလိုလျှင် မေ့ကြ။

လိုလျှင် ပြုံးပြ၊ မလိုလျှင် မဲ့ကြ။

ပျော်ရွှင် ပြည့်စုံနေပါက၊ ဖေးကူခဲ့သူတွေကို သတိမရ...။

အောင်မြင်မှုတွေရနေက၊ မာန်မာနတွေ ထောင်လွှားကြ။

အားငယ်ချိန်မှာ တမ်းတတာ၊ ကူညီဖေးမမှုကိုပါ။

ဒီအရာတွေက လူ့သဘာဝ၊ နားလည်ပေးနိုင်က၊

နေပျော်စရာ လူ့ဘ၀၊ ရလာနိုင်မှာပါ။