Saturday 22 January 2011

နမ်းသူမဲ့သော ပန်းသဇင်

ဆောင်းနှင်းဖွေးဖွေးကျနေတဲ့ နံနက်ခင်းလေးတစ်ခု....။
တက်ကြွမှု အပြည့်ရှိနေကြတဲ့ လူငယ်လေး တစ်စု...။

သူတို့လေးတွေကတော့ အနာဂတ်မှာ လှပစွာ တင့်တယ်လာကြမယ့် အနာဂတ်ရဲ့ သားကောင်းရတနာလေးတွေပါ။ အေးမြလှတဲ့ နံနက်ခင်းလေးမှာ တက်ကြွတဲ့ လူငယ်လေးတွေကိုကြည့်ရတာ အရမ်းကို ကြည်နူးဖွယ် ကောင်းပါတယ်။ သူတို့လေးတွေကတော့ ကျောင်းမှန်မှန်တက်၊ စာလည်းကြိုးစားကြတဲ့ ထွန်းထွန်းတို့ သူငယ်ချင်းတစ်စုပါ။ အခုလည်း ကျောင်းမှာ ဒီဇင်ဘာလ အားကစားပွဲ ရှိတဲ့အတွက် ယှဉ်ပြိုင်၊အားပေးဖို့ လာရောက်နေကြခြင်းပါ။ သူတို့လေးတွေက စာပေမှာ ထူးချွန်သလို အားကစားမှာလည်း မဆိုးကြပါဘူး။ တခါတရံမှာတော့ စာပေဘက်မှာ အားနည်းပြီး အားကစားမှာ ထူးချွန်တဲ့ ကျောင်းသားတွေလည်း ရှိတတ်ပါတယ်။

ထွန်းထွန်းတစ်ယောက်က စာလည်းကြိုးစားပြီး ကျောင်းစည်းကမ်းလည်း လိုက်နာပါတယ်။ သူ အကြောက်ဆုံး ကတော့ ကျောင်းစည်းကမ်းမလိုက်နာမိလို့ အပြစ်ပေးခံရမှာကိုပါ။ ကျောင်းအုပ်ဆရာကြီးက စည်းကမ်းကြီးသလို အရိုက်လည်း ကြမ်းပါတယ်။ ကျောင်းသားတိုင်း ကြောက်ကြပါတယ်။

ထွန်းထွန်းရဲ့ မိဘတွေကတော့ သာမာန် ၀န်ထမ်းတွေပါ။ ထွန်းထွန်းက မောင်နှမထဲမှာ အကြီးဆုံး ဖြစ်တဲ့အတွက် တခါတရံ အိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီ လုပ်ကိုင်ပေးရပါတယ်။ သူနေတဲ့ ရပ်ကွက်က ကျောင်းနဲ့ အနည်းငယ် လှမ်းပါတယ်။ စက်ဘီးစီးပြီးလာရင်တောင်မှ ၄၅မိနစ်လောက် ကြာပါတယ်။

တစ်နေ့မှာတော့ ထွန်းထွန်းတစ်ယောက် လမ်းမှာ စက်ဘီးပျက်ပြီး ကျောင်းချိန် နောက်ကျခဲ့ပါတယ်။ ကျောင်းနောက်ကျနေလို့ ထွန်းထွန်းလည်း ကျောင်းမသွားဘဲ အိမ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ကလည်း ကျောင်းစုဝေးပွဲ ရှိတဲ့နေ့ပါ။ ဆရာမက အတန်းမှာ လူစစ်တော့ ထွန်းထွန်း ကျောင်းပျက်နေတာကို တွေ့ရပါတယ်။ ကျောင်းအုပ်ကြီးက ခွင့်မတိုင်ဘဲ ပျက်တဲ့ ကျောင်းသားကို အပြစ်ပေးရမယ်လို့ ကျောင်းစုဝေးပွဲမှာဘဲ ကြေငြာပြောဆိုလိုက်ပါတယ်။ ကျောင်းအုပ်ကြီးပြောတာကို ထွန်းထွန်းရဲ့ သူငယ်ချင်းတွေက သူ့ကို ပြန်ပြောခဲ့ပါတယ်။ အစကတည်းက အကြောက်ကြီးတဲ့ ထွန်းထွန်းက ကြောက်ပြီး ကျောင်းကို မလာရဲဘူးဖြစ်နေပါတယ်။

မိဘတွေကလည်း ပညာရေးကို အားပေးတဲ့အပြင် ဒီနှစ်က ဆယ်တန်းဖြစ်လို့ ပိုဂရုစိုက်ကြပါတယ်။ နောက်တစ်နေ့ ထွန်းထွန်းတစ်ယောက် မိဘကြောင့် ကျောင်းလာနေရပေမယ့် ကျောင်းကိုလည်း မသွားရဲ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာဘဲ သူနဲ့ ငယ်ငယ်က အတန်းတူ သူငယ်ချင်း ညီညီနဲ့ နောက်တစ်ယောက်ကို လမ်းမှာတွေ့တယ်။ သူတို့တွေက ကျောင်းမနေဘဲ လေနေတဲ့ သူတွေပေါ့။ ဒီနေ့လည်း ထန်းရည်သောက် သွားကြမလို့တဲ့။ ထွန်းထွန်းလည်း ကျောင်းကို မသွားရဲတာနဲ့ သူတို့နဲ့ အတူ အဲဒီနေ့က ကျောင်းပုန်းဖြစ်ခဲ့တယ်။ မိဘကတော့ မသိဘူးပေါ့။ ကျောင်းပုန်းရတဲ့ အရသာကိုတော့ ထွန်းထွန်း သိသွားတယ်။ လူငယ် ဆိုတော့ ပျော်ရွှင်မှုကို ပိုမြတ်နိုးတာပေါ့။ နောက်တစ်နေ့တော့ ထွန်းထွန်း ကျောင်းပြန်တက်ခဲ့တယ်။ ကျောင်းအုပ်ဆရာကြီး ခရီးထွက်နေလို့ အပြစ်မခံယူရသေးပေမယ့် အတန်းပိုင်ဆရာမက မေးမြန်းပြီးလို့ ပေးတဲ့ အပြစ်တော့ ခံပြီးရပါပြီ။ ကျောင်းအုပ်ကြီးပြန်ရောက်လာတဲ့ အခါမှာ အပြစ်ဒဏ် ခံယူပြီးဖြစ်တဲ့အတွက် နောက်တစ်ကြိမ် အပြစ် မပေးခဲ့ပါဘူး။ ဒါပေမယ့် ထွန်းထွန်း တစ်ယောက် ကျောင်းပုန်းရတာကို နှစ်သက်နေမိတဲ့အတွက် မကြာခဏ ဆိုသလို ကျောင်းပုန်းတတ်လာခဲ့ပါတယ်။ ထွန်းထွန်းကျောင်းပျက်များလို့ မိဘကိုခေါ်တွေ့ခဲ့ပါတယ်။

တစ်နေ့မှာတော့ ထွန်းထွန်းတစ်ယောက် ကျောင်းကိုရောက်မလာပါဘူး။ ဒါပေမယ့် ညနေကျောင်းဆင်းခါနီးမှာ ရဲတပ်ဖွဲ့ဝင် တစ်ချို့ကျောင်းကို ရောက်လာပြီး ထွန်းထွန်းတို့ သူငယ်ချင်းတစ်စု ဘိန်းဖြူခိုးပြီး သုံးစွဲနေတာ တွေ့လို့ ကျောင်းကို လာပြီး အကြောင်းကြားပါတယ်။ သူတို့တွေကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ် လို့ ပြောပါတယ်။

စာတော်ပြီး လိမ္မာတဲ့ ကျောင်းသားတစ်ယောက် မဆင်မခြင်နဲ့ အတွေးမှားပြီး အပေါင်းအသင်းမှားခဲ့တဲ့ အတွက် အားလုံးက မျှော်လင့်ထားသလို လှပတဲ့ သဇင်ပန်းလေးတစ်ပွင့်လိုဖြစ်မလာတော့ဘဲ ဘိန်းဖြူရဲ့ သားကောင်အဖြစ်နဲ့ နမ်းသူမဲ့တဲ့ ပန်းသဇင်ဖြစ်ခဲ့ရပါတယ်။

ထွန်းထွန်းရဲ့ အဖြစ်ကို နမူနာယူရင်း ကျောင်းသားတွေကလည်း အပြစ်လုပ်ခဲ့မိရင် ရဲရဲဝံ့ဝံ့ ခံယူသင့်သလို၊ အပြစ်ပေးတဲ့ ဆရာ၊ ဆရာမများအနေနဲ့လည်း အမှန်တကယ် အပြစ်ကျူးလွန်ခြင်းရှိ၊ မရှိ သေချာ စစ်ဆေးပြီးမှ အပြစ်ပေးသင့်ပါတယ်။

7 comments:

  1. အေးစပယ်22 January 2011 at 23:13

    မိဘနဲ.ဆရာ၊ ဆရာမတွေအတွက်သိသင်.တဲ.စာသားကောင်းလေးတပုဒ်ပါပဲ။ မဖတ်ရတာကြာလိုမျှော်နေတာပါ။ဆက်လက်ရေးပေးပါအုန်းနော်...............။

    ReplyDelete
  2. အင်း.....သတိထားသင့်တယ်နော်

    ReplyDelete
  3. အပြစ်ပေးတဲ့ ဆရာ၊ဆရာမကလည်းအများနဲ့ ဆိုတော့ ဒီလိုပဲလုပ်ရမှာပဲ။ တပည့် ဖြစ်သူကမှန်ရာကိုဖွင့် ပြောရဲ တဲ့ စိတ်ရှိရမှာပါ။ ဘာမဟုတ်တာလေးနဲ့ ဘ၀ပျက်အောင်တော့ မလုပ်သင့် ပါဘူး။ အဓိကပြုပြင်ပေးရမှာက တပည့် များ မှန်ရာကိုဖွင့်ပြောရဲအောင်၊အပြစ်ရှိရင်လည်းရဲဝံ့ စွာရင်ဆိုင်ရဲအောင်ပြောပြထားရမှာပါ။

    ReplyDelete
  4. အပေါင်းအသင်း မှားတာကတစ်ကြောင်း ၊ မိမိကိုယ်ကိုယ် ထိမ်းကျောင်းမှုလိုအပ်တာက တစ်ကြောင်း ၊ အမှားအမှန်ဆုံးဖြတ်နိုင်မှုက တစ်ကြောင်း ၊ မိဘများရဲ့ လစ်လျူရှုမှုက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းကြောင်းတွေကြောင့်လို့ သုံးသပ်မိပါတယ် ..........

    ReplyDelete
  5. အသက်ကို ဥာဏ်စောင့်သတဲ့... ဘ၀ကို ဥာဏ်ကျောင်းသတဲ့.....

    ReplyDelete
  6. တချို့ အကြီးအကျယ် အမှားတွေရဲ့အစက အဲဒီလို ဘာမဟုတ်တဲ့ အသေးအဖွဲလေးက စတင်တာပါပဲ။ ဒီစာရဲ့ ရည်ရွယ်ချက် ကောင်းတယ်။

    ReplyDelete
  7. ဒီလိုနဲ့ လေလွင့် ကြွေလွင့် ခဲ့ရတဲ့ သားကောင်း ရတနာလေးတွေ အများကြီးပါလေ။ ဆရာ၊ ဆရာမတွေ အနေနဲ့ လဲ ဘာကြောင့် ဖြစ်ခဲ့တယ် ဆိုတာလေးကိုတော့ နဲနဲ တီးခေါက်ကြည့်သင့်ပါတယ်လေ...

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ