Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Sunday, 16 January 2011

မဆုံတဲ့ ဖူးစာ

ဒီနေ့ စနေနေ့ အလုပ်ပိတ်ရက်လည်းဖြစ်၊ တခြား အထွေအထူးလည်း လုပ်စရာ မရှိတာနဲ့ စာအုပ်စင်ကလည်းရှုပ်နေလို့ ရှင်းနေမိပါတယ်။ ကျွန်မရော ဖေဖေ၊ မေမေ ပါ စာဖတ် ၀ါသနာ ပါကြပါတယ်။ စာအုပ်စင်ရှင်းရင်းနဲ့ စာအုပ်တစ်အုပ်ကို တွေ့မိတဲ့ အချိန်မှာ အတိတ်ရဲ့ အရိပ်တွေ ထင်ဟပ်လာပြီး ဒီစာအုပ်လေးနဲ့ ပတ်သက်တဲ့ သူအကြောင်းလေး တွေးနေမိပါတယ်။

သူဆိုတာကတော့ ကျွန်မနဲ့ တစ်ချိန်က ပတ်သက်ခဲ့သူပေါ့။ ပြောရမယ့်ဆိုရင်တော့ တစ်ချိန်က ကျွန်မရဲ့ ချစ်သူပေါ့။ သူနဲ့ ကျွန်မက ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ နားလည်မှု ကိုယ်စီနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူငယ်ချင်းဘ၀မှာ ကတည်းက ကျွန်မက သူ့ကို အစစအရာရာ နားလည်ပေးခဲ့ သလို သူကလည်း ဘာအကြောင်းဘဲ ဖြစ်ဖြစ် ကျွန်မကို အမြဲတိုင်ပင်ပါတယ်။ သူငယ်ချင်းလိုဘဲ နေလာရင်းနဲ့ ကျောင်းပြီးလို့ အလုပ် ကိုယ်စီ ဖြစ်လာချိန်မှာတော့ ကျွန်မတို့နှစ်ယောက် တစ်နေရာစီ ဖြစ်သွားခဲ့ပါတယ်။ လူက တစ်နေရာစီဖြစ်သလို အဆက်အသွယ်လည်း သိပ်မရခဲ့ပါဘူး။ တစ်နှစ် တခါ လောက်ပဲ ပြန်ဆုံဖြစ်ကြပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ အမြဲရှိပြီး စိတ်ချင်းနီးနေကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒီစာအုပ်လေးကတော့ ချစ်သူ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ သူပေးခဲ့တဲ့ စာအုပ်လေးပါ။ ကျွန်မက စာဖတ်ဝါသနာပါသလို သူကလည်း စာဖတ်တာကို နှစ်သက်တယ်။ ချစ်သူတွေ ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် လူချင်းကတော့ သူငယ်ချင်း ဘ၀တုန်းကလိုဘဲ တစ်နှစ်မှ တခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ တွေ့ဆုံမှုနည်းလို့ သွေးအေးသွားလို့ လည်း မဟုတ်။ သူငယ်ချင်းလိုမျိုး သံယောဇဉ်ပိုတာကို အချစ်လို့ မှားပြီး ကောက်ချက်ချမိကြလို့လည်း မဟုတ်ပေမယ့် သူနဲ့ ကျွန်မ ဖူးစားမဆုံဖြစ်ခဲ့ကြပါဘူး။ သူနဲ့ ကျွန်မ တကယ့်ကို ချစ်ခဲ့တာပါ။ ကွဲကွာသွားတာကလည်း သူများတွေလို အထင်မှားစရာရှိလို့၊ မိဘချင်းမပြေလည်လို့ ၊ မချစ်နိုင်စရာ အကြောင်းတွေရှိလို့ မဟုတ်ပါဘူး။ ချစ်ရက်နဲ့ကို လမ်းခွဲခဲ့ရတာပါ။ ဘာမှ ပြောစရာ မရှိလောက်အောင် အခြေအနေကောင်းတွေ ရှိနေပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာဆိုတာက ရှိနေပြန်ပါတယ်။ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူရဲ့ သမီးကို လက်ထပ်ယူလိုက်ရလို့ပါ။ ကောင်မလေးက ငယ်ရွယ်ပြီး သွက်သွက်လက်လက်ရှိသလို သူ့အပေါ်မှာ အရမ်းကို ချစ်နေမိတာပါ။ လောကမှာ ထောက်ထားစရာတွေ ရှိတာ ကောင်းလည်းကောင်းသလို၊ မကောင်းတဲ့အခါလည်း မကောင်းပါဘူး။ ကျွန်မလည်း သူ့ကို ငယ်ငယ်ကတည်းက အမြဲ နားလည်ပေးခဲ့ရတာ ဒီတစ်ကြိမ်လည်း ကျွန်မ နားလည်ပေးလိုက်ရပြန်ပါတယ်။ သူနဲ့ ကျွန်မ က ဖူးစာကံ မပါလို့ လို့ဘဲ မှတ်ယူရင်းနဲ့ပေါ့....။

သူကတော့ အကောင်းဆုံး မိသားစု ဘ၀လေးကို တည်ဆောက်နိုင်ခဲ့ သလို ကျွန်မလည်း ဖေဖေ၊မေမေတို့ အတွက် အားအကိုးရဆုံး သမီးတစ်ယောက် အနေနဲ့ဘဲ အခုအချိန်ထိ ရပ်တည်နေတော့ပါတယ်။

Wednesday, 15 September 2010

ခံစားကြည့်ပါ :)

အချစ်ဆိုတာ ဘာကို ဆိုလိုတာလဲ...???။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုတာ ဘယ်လို ပုံစံမျိုးလဲ...???။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလား.. ???။ ပေးဆပ်ခြင်းလား.. ???။ ဒါမှ မဟုတ် အချစ်ဆိုတာ မျှဝေခံစားခြင်းလား.. ???။ စိုးစိုး တစ်ယောက် ရင်ထဲမှာ လဲပေါင်းများစွာ၊ လားပေါင်းများစွာသော မေးခွန်းတွေနဲ့ မွန်းကျပ်၊ ပြည့်နှက်နေခဲ့တယ် ။ ဒါပေမယ့် ရေရာ တိကျတဲ့ အဖြေ တစ်ခု အခုထိ ထွက်မလာသေးဘူး။

အချစ်ဆိုတာကို စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ တွေ က အမျိုးမျိုးဖွဲ့ဆို ကြတာတွေကို ဖတ်ဖူး၊ ကြားဖူးနေပေမယ့် ကိုယ်ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ ကြုံလာတော့ သူတို့တွေ ဖွဲ့ဆိုကြသလို ကောင်းတဲ့ အရာတွေ အားလုံး ဖြစ်နိုင်ပါ့မလား၊ ဆိုးတဲ့ အချက်တွေ ကရော လက်တွေ့မှာ အဲလောက်တောင်ဆိုးလား ဆိုတာတွေကို တွေးကြည့်ရင်းနဲ့ ရင်မောနေမိတယ်။

သြော်... မိန်းကလေး တစ်ယောက်ကို ချစ်မိတာ ဒုက္ခကို မွေးယူသလိုများ ဖြစ်နေပြီလားလို့ တွေးနေမိတယ်။ ချစ်မိရုံဘဲ ရှိသေးတယ်။ ဖွင့်တောင် မပြောရသေးဘူး။ ဖွင့်ပြောလိုက်ရင် ဘာတွေ ဖြစ်လာမလဲ မတွေးရဲလို့ တစ်ယောက်ထဲ ကြိတ်ပြီးခံစားနေရတဲ့ ရက်တွေကလည်း မနည်းတော့ဘူး။ အချစ်ဆိုတာ ချိုမြိန်တဲ့ အသီးတစ်လုံး မဟုတ်သလို၊ ခါးသက်တဲ့ အသီးလည်း မဟုတ်ဖူးလို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ခံစားကြည့်မှ အရသာ ကို ပိုပြီးသိရမယ်လို့ ပြောကြတယ်။

ကဲ...ဒီနေ့တော့ စိုးစိုးတစ်ယောက် အားတွေမွေးပြီး အချစ်ဆိုတာ ဘယ်လို အရသာရှိမလဲ ဆိုတာ မြည်းစမ်းခွင့်ရဖို့ သူချစ်တဲ့ကောင်မလေး ရှိရာကို လာခဲ့ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ မျက်နှာကို မြင်ရုံဘဲရှိသေးတယ်.. ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေသလား ထင်မှတ်ရအောင်ကို ရင်ခုန်သံတွေ မြန်နေတယ်ဗျာ။ ရင်ခုန်သံတွေ ငြိမ်အောင်ထိန်းရင်းနဲ့ဘဲ ချစ်တဲ့သူရှိရာကို မ၀ံ့မရဲ လှမ်းလာခဲ့ပါတယ်။ အနားရောက်တော့လေ ရင်ခုန်သံတွေ မြန်လွန်းလို့ ပြောရမယ့် စကားတွေကို မနည်း ပြန်စဉ်းစားရတယ်။ အိမ်တုန်းက ကဗျာတွေ၊ စာတွေဖတ်ပြီ စီထားတဲ့ ပြောရမယ့် အနုအလှ စကားလုံးတွေ ဘယ်ပျောက်ကုန်လဲ မသိဘူး။ ဒါနဲ့ စဉ်းစားလို့ရတဲ့ စကားဘဲ ပြောလိုက်တယ်။ "မင်းကို အရမ်းချစ်တယ်" လို့။ ချစ်သူကလည်း ပြန်ဖြေဖို့ စဉ်းစားထားပုံရပါတယ်။ ချက်ချင်းဘဲ ပြန်ပြောတယ်ဗျာ။ "ပါးကျိုးသွားမယ်။ ဘာမှတ်နေလဲ။" တဲ့ဗျာ။ သူလည်း စာတွေ တော်တော်ဖတ်ပြီး စကားလုံးတွေ ရှာထားပုံပါဘဲ။ သူအဲလို ပြန်ဖြေလိုက်တဲ့ အချိန်မှာ ရင်ဘတ်ထဲကို အောင့်နေအောင် ခံစားလိုက်ရတယ်။ ကိုယ်က အရမ်းချစ်နေမိတဲ့ သူဆိုတော့လေ။ ဒါကတော့ ချစ်မိတဲ့ အတွက် ခံစားလိုက်ရတဲ့ ခါးသက်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ် ဘယ်လို ခံစားမှုတွေ ရလာအုန်းမလဲ ဆိုတာ တွေးနေမိတယ်ဗျာ။ အဲလိုတွေးနေရင်းနဲ့ နောက်ထပ် အတွေးတစ်ခု ၀င်လာတယ်။ ချိုတာတွေများရင် တခါတရံ ခါးသက်တတ်တယ်။ (ဆေးသကြားတွေများရင် ခါးတတ်တာ သတိရမိလို့ပါ။) ဒါကြောင့် ပြောင်းပြန် ပြန်စဉ်းစားမိတယ်။ ခါးတာတွေများရင် ချိုလာ မလားလို့ ပေါ့ဗျာ။.......

" ဖေဖေရေ... ဖေဖေ ၊ မေမေက ညနေစာ စားရအောင်တဲ့။" ချစ်စရာ သားငယ်လေးရဲ့ အသံပေါ့ဗျာ။ သားငယ်အသံကြားမှ အတွေးနယ်ချဲ့နေရာမှ အသိဝင်လာတယ်ဗျာ။ ဒါကတော့ ခါးသက်မှုတွေ ခံစားပြီးတဲ့နောက် ရလာတဲ့ ချိုမြိန်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ်လည်း ချိုမြိန်မှုတွေလည်း ရှိသေးတယ်ဗျ။ သြော် ပြောဖို့မေ့နေတာ။ သားလေးခေါ်တဲ့ မေမေ ဆိုတာက ကျွန်တော် မောင်စိုးစိုး ချစ်ခဲ့ရတဲ့ ချစ်သူလေးပေါ့ဗျာ။ အခုတော့ အချစ်ဆိုတာ ခံစားဖူးမှ ပိုသိတယ် ဆိုတဲ့ သူငယ်ချင်းတွေ ပြောခဲ့တဲ့ စကားတွေ ကိုလည်း ပြန်သတိရမိနေတယ်။ နောက်ထပ် ဘယ်လိုခံစားမှုတွေဘဲ ဖြစ်ဖြစ် ခံစားပြီး ငြိမ်းချမ်းတဲ့ မိသားစု ဘ၀လေးတည်ဆောက်ပြီး ပျော်ရွှင်စွာ ဖြတ်သန်း အုန်းမှာပါဗျာ။

စာဖတ်သူတွေလည်း အချစ်ဆိုတာကို ဘယ်လို ခံစားဖူးလဲ။ ဘယ်လို မြင်ကြလဲဗျာ။ မခံစားဖူးသေးရင်တော့ တွေဝေ စဉ်းစား မနေကြဘဲ ကျွန်တော်လိုဘဲ ခံစားကြည့်လိုက်ပေါ့ဗျာ :)။

Thursday, 13 May 2010

ပန်းသဇင်လေး ဂုဏ်တင့်ပါပြီ

တနွေလုံးအနားယူခဲ့တဲ့ကျောင်းတော်ကြီးဟာဇွန်လရဲ့မိုးရေစက်တွေနဲ့အတူလှုပ်ရှားနိုးထလို့လာခဲ့သလိုမိုးဆန်းပန်းလေးတွေနဲ့သဏ္ဍာန်တူတဲ့ကျောင်းတော်သူ၊ကျောင်းတော်သားလေးတွေနဲ့သက်ဝင်လာခဲ့ပါပြီ။တူညီဝတ်စုံဖြူစိမ်းလေးတွေနဲ့ကျောင်းသူ၊ကျောင်းသားလေးတွေဟာမိုးရေဆွတ်ဖြန်းမှလန်းဆန်းလာတဲ့သဇင်ပန်းလေးတွေလိုပါပဲ။တင့်တယ်လှပနေကြတယ်။သဇင်ပန်းလေးတွေအလှနဲ့တင့်တယ်နေတဲ့နေရာလေးကတော့အနာဂတ်ပန်းလေးတွေကိုလှလှပပပွင့်လန်းလာအောင်ပြုစုပျိုးထောင်ပေးနေတဲ့အမိပညာရေးတက္ကသိုလ်ပဲဖြစ်ပါတယ်။

မိုးဆန်းပန်းလေးတွေဟာရည်ရွယ်ချက်မျိုးစုံ၊အကြောင်းတရားမျိုးစုံနဲ့ရောက်လာခဲ့ ကြတယ်လေ။ဆရာ၊ဆရာမဘ၀ကိုမြတ်နိုးလို့တမျိုး၊မိဘကတိုက်တွန်းလို့တဖုံ၊သူငယ်ချင်းတွေနဲ့အတူတူကျောင်းတက်ရအောင်ဆိုပြီးအခြေခံအကြောင်းတရားမျိုးစုံနဲ့ပေါ့။ဒါကြောင့်လည်းခံယူချက်တွေကလည်းကွဲပြားလာကြတာပေါ့။ဘယ်လိုဘဲခံယူချက်တွေကွဲပြားနေပေမယ့်အားလုံးကတော့ဆရာ၊ဆရာမဘ၀ကိုခံယူရဖို့ဒီကျောင်းတော်ကြီးကိုရောက်လာခဲ့ကြတာဘဲလေ။ဒီလိုခံယူချက်တွေမတူညီတဲ့အတွက်ဆရာ၊ဆရာမတွေကသင်ကြားပြသပေးတဲ့နာယူလက်ခံမှုပုံစံတွေမတူညီကြပါ။ဆရာ၊ဆရာမတွေကလည်းတပည့်တွေကိုပညာပြည့်ဝနှလုံးလှတဲ့သူလေးတွေဖြစ်လာဖို့လက်နက်မျိုးစုံတပ်ဆင်ပေးကြတယ်။ဆရာ၊ဆရာမတွေသင်ကြားမှုအပေါ်မှာနာယူလက်ခံတဲ့သူရှိသလို၊ငြိုငြင်ဆန့်ကျင်ချင်တဲ့သူတွေလည်းရှိကြတယ်။ဘ၀မှာရည်မှန်းချက်ပန်းတိုင်ကအရေးကြီးပါသည်။ရည်မှန်းချက်ရှိသူတွေကတော့ကိုယ့်ပန်းတိုင်ရောက်အောင်လျှောက်လှမ်းနေတဲ့အတွက်အရာရာကိုအလေးအနက်ထားပြီးလိုက်နာလုပ်ဆောင်တတ်ကြပါသည်။ရည်မှန်းချက်မရှိဘဲ၊မထားဘဲနေတဲ့သူတွေကတော့အရာရာမှာအလေးအနက်အထားတတ်ကြဘူး။အဲဒီအထဲမှာကျွန်မတစ်ယောက်အပါအ၀င်ပေါ့။ကျွန်မဒီတက္ကသိုလ်တက်ရတာကလည်းမိဘတွေကတက်ခိုင်းတာကြောင့်ပါ။ပညာရေးတက္ကသိုလ်တက်ရပြီဆိုကတည်းကအဖြူ၊အစိမ်းလေးဝတ်ရမှာသိရဲ့နဲ့ဘဲဒီဝတ်စုံလေးဝတ်ရတာကိုကအစမကျေမနပ်ဖြစ်ခဲ့မိတယ်။တက္ကသိုလ်ကျောင်းသူဘ၀မှာကာလာစုံလေးဝတ်ပြီးကျောင်းတက်ချင်ခဲ့တာ။ဒီအဖြူအစိမ်းဝတ်ရတာကိုစိတ်ပျက်ရတဲ့အထဲဖိအားပေးတဲ့သူတွေရှိပြန်တယ်။ကျွန်မတို့ကျောင်းကဆေး(၁)နားမှာဆိုတော့ကျောင်းသွား၊ကျောင်းပြန်အဲဒီကျောင်းသားတွေနဲ့ဆုံတာပေါ့။ဆုံတိုင်းအပြောခံ၊အစခံရတာတော့ဒီဝတ်စုံကြောင့်ဘဲပေါ့။ကျွန်မတို့ကို”မုန်လာဥဇောက်ထိုးမလေးတွေ”တဲ့။အဲဒီအချိန်တုန်းကတော့ဒီဝတ်စုံကိုဝတ်ပြီးကျောင်းမသွားချင်လောက်အောင်ပါဘဲ။ဒီလိုနဲ့ဘဲဆရာ၊ဆရာမရဲ့သင်ကြားမှုတွေကိုနာယူရင်းစိတ်မပါလက်မပါနဲ့ကျောင်းတက်လာတာစာသင်နှစ်တ၀က်ပြည့်ခါနီးဖြစ်နေပြီ။တစ်နေ့မှာတော့ကျွန်မတို့ကိုသင်ပြနည်းဘာသာသင်ပြပေးတဲ့ဆရာမကဒီလိုသင်နည်းမျိုးစုံကိုသင်ပြ၊ပြောပြနေရတာဟာကျွန်မတို့လက်တွေ့ဘ၀မှာ၊ကျောင်းသူ၊ကျောင်းသားတွေကိုပြန်လည်သင်ကြားတဲ့နေရာမှာအခက်အခဲမရှိဖြေရှင်းသင်ကြားနိုင်ဖို့အတွက်ဖြစ်ကြောင်းဆရာ၊ဆရာမဆိုတာဥယျာဉ်မှုးနဲ့တူေ ကြာင်း၊ဥယျာဉ်မှုးကသာပြုစုပျိုးထောင်တဲ့နည်းလမ်းမှားယွင်းသွားခဲ့ရင်ပန်းပွင့်လေးတွေနဲ့တူတဲ့တပည့်လေးတွေရဲ့ဘ၀ကလှပမှာမဟုတ်ကြောင်း၊ဥယျာဉ်မှုးကသာပျိုးထောင်မှုမှန်ရင်ပန်းမျိုးစုံကငွါးငွါးစွင့်စွင့်ဖူးပွင့်ဝေဆာနိုင်ကြောင်းနှင့်ကျောာင်းဝတ်စုံဖြူစိမ်းလေးကလည်းကျက်သရေရှိပြီး၊ဖြူစင်ကြည်လင်တဲ့သဘောရှိပြီးပန်းသဇင်လေးတွေနဲ့တူကြောင်းရှင်လင်းပြောပြပါတယ်။အဲဒီနေ့ကျောင်းကပြန်လာပြီးတဲ့မခါကျွန်မဟာဆရာမပြောတဲ့စကားတွေကိုနားထဲမှာပြန်ကြရင်းစဉ်းစားနေမိတယ်။ဆရာ၊ဆရာမဘ၀ကမြတ်နိုးဖွယ်ကောင်းပြီးအနာဂတ်ရဲ့ရတနာလေးတွေကိုပုံသွင်းပြုပြင်ပေးနိုင်၊ပန်းပေါင်းစုံပြုစုပျိုးထောင်ပေးနိုင်တယ်။ပန်းလေးတွေဝေဆာဖူးပွင့်လာတဲ့အခါပီတိတွေခံစားရတယ်။ဆရာတွေဘ၀က”တပည့်မရှား၊တပြားမရှိ။ပီတိကိုစားအားရှိ”နေကြတာပါတဲ့။ဆရာမရဲ့စကားတွေထဲကအမှတ်မိဆုံးစကားလေးတခွန်းရှိပါတယ်။အဲဒါကတော့”တပည့်တို့ကိုပြောဆိုဆုံးမပြီးသင်နည်းမျိုးစုံပေးနေရတာကတော့လက်တွေ့ဘ၀လောကမှာတင့်တယ်ဂုဏ်ရှိစေချင်လို့”ဆိုတာပါဘဲ။

အဲဒီအချိန်ကစပြီးကျွန်မဟာရည်မှန်းချက်ရှိတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။အဲဒီရည်မှန်းချက်ကတော့”ပန်းမျိုးစုံကိုအစွမ်းကုန်ဝေဆာဖူးပွင့်လာအောင်ပြုစုပေးနိုင်တဲ့ဥယျာဉ်မှုးကောင်းတစ်ယောက်ဖြစ်လာဖို့ပါ။ရည်မှန်းချက်အပြည့်နဲ့ကြိုးစားသင်ယူရင်းလေးနှစ်တာကာလပြီးဆုံးသွားလို့လက်တွေ့ဘ၀လုပ်ငန်းခွင်ကိုဝင်ခဲ့ရပါပြီ။လက်တွေ့ဘ၀ကိုရောက်မှဆရာမတွေရဲ့စေတနာတွေနဲ့စကားတွေပိုပြီးတန်ဖိုးထားမြတ်နိုးလာမိပြီးပိုပြီးလေးစားမိလာပါတယ်။အခုတော့ဆရာ၊ဆရာမတွေရဲ့တပ်ဆင်ပေးလိုက်တဲ့လက်နက်မျိုးစုံကြောင့်ပညာရေးတက္ကသိုလ်ဆိုတဲ့ဥယျာဉ်ကြီးကပြုစုပျိုးထောင်ပေးလိုက်တဲ့သဇင်ပန်းလေးတစ်ပွင့်ဂုဏ်တင့်နေသလို၊ကျက်သရေရှိလှတဲ့ကျောင်းဝတ်စုံအဖြူအစိမ်းလေးကိုတန်ဖိုးထားမြတ်နိုးနေပါပြီ။