Monday 26 April 2010

ပစ္စည်းတိုင်းရဲ့ကိုယ်ပိုင်တန်ဖိုး

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ကျွန်မတို့မြို့ရဲ့စည်ကားလှတဲ့သီတင်းကျွတ်ဘုရားပွဲတော်ကို မြို့သူမြို့သားတွေကလည်း မဆင်နွှဲလိုက်ရရင် ခေတ်မမီတော့သလို ခံစားကြရတယ်။ဒီမြို့သူတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း နှစ်စဉ်ဆင်နွှဲနေကြပေါ့။ဘုရားပွဲတော်က အနည်းဆုံး(၁၅)ရက်လောက်ကြာပါတယ်။ဒီဘုရားပွဲတော်ကိုနယ်စုံကဈေးသည်တွေကကုန်ပစ္စည်းမျိုးစုံလာရောက်ရောင်းချကြသလို ကျွန်မတို့မြို့နားနီးတဲ့ကျေးရွာစုံကလူတွေလာရောက်ဆင်နွှဲကြပါတယ်။ရောင်းချတဲ့ပစ္စည်းတွေကလည်း ကလေးကြိုက်၊လူကြီးကြိုက် မျိုးစုံပေါ့။အဓိကပြောချင်တာကတော့ဘုရားပွဲတော်အကြောင်းထက်ဘုရားပွဲဈေးသွားရင်း ရရှိခဲ့ရတဲ့ခံစားမှုလေးတစ်ခုပါ။

ဘုရားပွဲတော်ဆိုတော့လူမျိုးစုံလာကြတာပေါ့။ကျွန်မလည်းဘုရားပွဲဈေးလျှောက်ရင်းလူမျိုးစုံရဲ့ပြောစကားတွေ၊ဝေဖန်မှုတွေကိုကြားတော့မသိစိတ်ကအလိုလိုနားထောင်မိနေပြီးခံစားမှတတ်သားနေမိတယ်။ကလေးကစားစရာအရုပ်ဆိုင်တစ်ဆိုင်ရဲ့ရှေ့ရောက်တော့အမျိုးသမီးကြီးတစ်ယောက်ပြောနေတဲ့စကားကိုကြားမိသလိုဈေးရောင်းတဲ့သူရဲ့မကြားနိုးနားပြောတဲ့စကားကိုလည်းကြားမိလိုက်တယ်ရှင့်။အဲဒါကတော့

ဈေးဝယ်အမျိုးသမီး။ ”သားငယ် ဒီအရုပ်ကဈေးပေါတယ် မယူနဲ့နော်။

သားလိုချင်ရင်ဒီလိုပုံစံ ဒီထက်ဈေးကြီးပြီးကောင်းတာဝယ်ပေးမယ်”

အမျိုးသမီးကြီးကပြောလည်းပြောရင်းထွက်သွားတာပေါ့။ကျွန်မလည်းထူးဆန်းတဲ့အရာမဟုတ်ဘဲနဲ့ကို အဲဒီအမျိုးသမီးနောက်ကိုအာရုံကပါသွားတယ်။အဲလိုပါသွားလို့လည်းကျွန်မမှာခံစားမှုလေးတစ်ခုရလာတာပေါ့။အဲဒီလိုနဲ့ဘဲ ခုန ဈေးဝယ်အမျိုးသမီးကြီးကနောက်ထပ်တစ်ဆိုင်ရောက်တော့သူ့သားလေးလိုချင်တဲ့အရုပ်လေးကိုတွေ့သွားသလိုဝယ်လည်းပေးလိုက်တယ်။အဲဒီအရုပ်ကအရင်ဆိုင်မှာတွေ့ခဲ့တဲ့အရုပ်နဲ့တပုံစံတထေရာတည်းဘဲ။ဒါပေမယ့်ကွာခြားတာတစ်ခုတော့ရှိတယ်။အဲဒါကတော့ဒီဆိုင်မှာက အဲဒီအရုပ်မျိုးကနည်းနည်းတွေ့ရပြီး ဆိုင်ရှင်ကလည်းဈေးတင်ပြီးရောင်းထားတာလေ။ဒါပေမယ့်လူ့သဘောကိုကပေါပေါများများတွေ့နေရရင်ဘဲတန်ဖိုးမရှိတော့သလို၊တန်ဖိုးနည်းသလိုထင်တတ်ကြတယ်။ဒီနေရာမှာမှ အရင်ဆိုင်ရှင်ပြောတဲ့စကားကိုထောက်ခံမိတော့တယ်။ဘာပြောသလဲဆိုရင်

ဆိုင်ရှင်။ ”လူတွေများပစ္စည်းများများတင်ထားပြီးဈေးမှန်နဲ့ရောင်းတော့တန်ဖိုးနည်းတယ်ထင်ကြတယ်။”(တန်ဖိုး=ပစ္စည်းအရည်အသွေး)

အစကတော့ဒီဈေးသည်သူ့ပစ္စည်းမ၀ယ်လို့အပြစ်တင်စကားဆိုတယ်လို့ထင်ခဲ့မိတာ။နောက်တော့မှသူ့စကားမှန်ပါလားလို့ကောက်ချက်ချမိတယ်။ဘာလို့လဲဆိုတော့ဈေးဝယ်အမျိုးသမီးကြီးဝယ်လိုက်တဲ့အရုပ်ကသူ့ဆိုင်ကအရုပ်နဲ့တူပေမယ့်အဲဒီဆိုင်မှာကအရုပ်တွေကအများကြီးရှိနေတဲ့အပြင်ဈေးကလည်းချိုနေသေးတယ်လေ။ကျွန်မလည်းဘုရားပွဲဈေးကိုလည်နေရပေမယ့်ဆိုင်ရှင်ဈေးသည်ပြောတဲ့စကားကိုဘဲကြားယောင်နေမိသလိုအတွေးတခုလည်းဝင်လာခဲ့တယ်”သြော်….လူတွေက ပေါပေါများများရတတ်တဲ့ပစ္စည်းဆိုရင်တန်ဖိုးမထားတတ်ကြပါလား…။ဒါပေမယ့်ပစ္စည်းတိုင်းမှာသူ့တို့ရှိထိုက်တဲ့တန်ဖိုးလေးတွေရှိနေကြတယ်လို့….ပေါ့။

(မှတ်ချက်။ ။လူတိုင်းကိုဆိုလိုခြင်းမဟုတ်ပါ။ဖြစ်တတ်သောလူ့သဘောလေးကိုဖော်ပြလိုသောဆန္ဒသက်သက်သာဖြစ်ပါသည်။)

Friday 23 April 2010

“ထားခဲ့မိလေသောစေတနာကြောင့်…….”

စေတနာဆိုတဲ့စကားလေးသုံးလုံးဟာအင်မတန်လှပပြီးကောင်းမွန်တဲ့အဓိပ္ပါယ်တွေနဲ့ပြည့်စုံနေတယ်။ဒီလိုလှပပြီးအဓိပ္ပါယ်ရှိတဲ့စကားလုံးလေးဖြစ်ပေါ်မလာအောင်ဖန်တီးတတ်တဲ့ပတ်ဝန်းကျင်ဆိုတာကလည်းရှိလာပြန်တယ်။ဒါကြောင့်လည်းစေတနာသည် လူတိုင်းနဲ့မထိုက်တန်ဆိုတဲ့ဆိုရိုးစကားလေးရှိလာရပြန်တာပေါ့။

ကျွန်မရဲ့မကောင်းတဲ့အကျင့်လို့ပြောရမလား| ကောင်းတဲ့အကျင့်လို့ပြောရမလားတော့မသိဘူး။အဲဒါကတော့ တစ်ပါးသူကအကူအညီတောင်းခံမှုမရှိဘဲအမြင်မတော်တဲ့အခါ တစ်ခါတစ်ရံအကူအညီပေးမိတယ်။ဒီလိုလုပ်တာဟာကိုယ်ကိုအသိအမှတ်ပြုခံချင်လို့|ထင်ပေါ်ချင်လို့|ဆရာကြီးဒီဇိုင်းဖမ်းချင်လို့ မဟုတ်ဘဲ တစ်ပါးသူတွေပြေလည်ကောင်းမွန်စေချင်တဲ့စေတနာသက်သက်ပဲရှိတယ်ဆိုတာကိုယ်ကလွဲပြီးဘယ်သူသိနိုင်မှာလဲလေ။ဒီလိုပြုမူတဲ့အခါတိုင်း ကောင်းမွန်တဲ့တုံ့ပြန်မှုရတဲ့အခါစေတနာရဲ့အကျိုးဆက်အဖြစ်ပီတိကိုခံစားရပေမယ့် တစ်ခါတစ်ရံမှာလွဲမှားတဲ့အမြင်နဲ့တုံ့ပြန်မှုကိုခံရတဲ့အခါ ၀မ်းနည်းမှုကိုခံစားရပြန်တယ်။ဒီလိုခံစားချက်တွေဖြစ်လာအောင်လုပ်ခဲ့တာလည်းသူတစ်ပါးမှမဟုတ်ဘဲကိုယ်ကိုယ်တိုင်ပဲလေ။လူဆိုတဲ့အမျိုးကိုကအမြင်အမျိုးမျိုးရှိတတ်တာ သဘာဝပဲလေ။သူ့ဘက်ကကြည့်တော့လက်ဖ၀ါး|ကိုယ်ဘက်ကကြည့်တော့လက်ဖမိုး ဆိုသလိုပေါ့။

စေတနာကြောင့်ဝေဒနာခံစားရတိုင်းနောက်တစ်ကြိမ်ဆိုတာမဖြစ်ရအောင်နေမယ်လို့ဆုံးဖြတ်မိပါတယ်။ဒါပေမယ့်လည်းမွေးသန္ဓေ|သေမှပျောက်ဆိုတဲ့ဆိုရိုးစကားလိုပါဘဲ အခုထိမဖျောက်ဖျက်နိုင်ခဲ့သေးပါဘူး။မဖျောက်ဖျက်နိုင်သရွေ့လည်း ဝေဒနာဒဏ်တွေကိုခံနိုင်အောင်ကြိုးစားရင်း တစ်ပါးသူတွေအပေါ်မှာစေတနာတွေထားမိနေအုန်းမှာဘဲ။ဒီလိုပါဘဲ တစ်ပါးသူတွေလည်းကိုယ်ခံစားရတဲ့ပီတိလေးတွေခံစားရအောင် သူတို့တတွေထားတဲ့စေတနာတွေကိုအလေးအနက်ထားမိနေမှာပါ….။

Wednesday 21 April 2010

သူငယ်ချင်း


ဖြူစင်စွာခင်မင်...
ရင်းနီးကြပျော်ရွှင်
အတူနေကြစဉ်ခဏလေးမှာ
တစ်ဦးနဲ့တစ်ဦး
နားလည်မှုကိုယ်စီနှင့ှ်ု
စာနာဖေးမခဲ့ကြ
အားလုံးကိုပေါင်းစပ်လိုက်တော့
သူငယ်ချင်း................