Friday 23 April 2010

“ထားခဲ့မိလေသောစေတနာကြောင့်…….”

စေတနာဆိုတဲ့စကားလေးသုံးလုံးဟာအင်မတန်လှပပြီးကောင်းမွန်တဲ့အဓိပ္ပါယ်တွေနဲ့ပြည့်စုံနေတယ်။ဒီလိုလှပပြီးအဓိပ္ပါယ်ရှိတဲ့စကားလုံးလေးဖြစ်ပေါ်မလာအောင်ဖန်တီးတတ်တဲ့ပတ်ဝန်းကျင်ဆိုတာကလည်းရှိလာပြန်တယ်။ဒါကြောင့်လည်းစေတနာသည် လူတိုင်းနဲ့မထိုက်တန်ဆိုတဲ့ဆိုရိုးစကားလေးရှိလာရပြန်တာပေါ့။

ကျွန်မရဲ့မကောင်းတဲ့အကျင့်လို့ပြောရမလား| ကောင်းတဲ့အကျင့်လို့ပြောရမလားတော့မသိဘူး။အဲဒါကတော့ တစ်ပါးသူကအကူအညီတောင်းခံမှုမရှိဘဲအမြင်မတော်တဲ့အခါ တစ်ခါတစ်ရံအကူအညီပေးမိတယ်။ဒီလိုလုပ်တာဟာကိုယ်ကိုအသိအမှတ်ပြုခံချင်လို့|ထင်ပေါ်ချင်လို့|ဆရာကြီးဒီဇိုင်းဖမ်းချင်လို့ မဟုတ်ဘဲ တစ်ပါးသူတွေပြေလည်ကောင်းမွန်စေချင်တဲ့စေတနာသက်သက်ပဲရှိတယ်ဆိုတာကိုယ်ကလွဲပြီးဘယ်သူသိနိုင်မှာလဲလေ။ဒီလိုပြုမူတဲ့အခါတိုင်း ကောင်းမွန်တဲ့တုံ့ပြန်မှုရတဲ့အခါစေတနာရဲ့အကျိုးဆက်အဖြစ်ပီတိကိုခံစားရပေမယ့် တစ်ခါတစ်ရံမှာလွဲမှားတဲ့အမြင်နဲ့တုံ့ပြန်မှုကိုခံရတဲ့အခါ ၀မ်းနည်းမှုကိုခံစားရပြန်တယ်။ဒီလိုခံစားချက်တွေဖြစ်လာအောင်လုပ်ခဲ့တာလည်းသူတစ်ပါးမှမဟုတ်ဘဲကိုယ်ကိုယ်တိုင်ပဲလေ။လူဆိုတဲ့အမျိုးကိုကအမြင်အမျိုးမျိုးရှိတတ်တာ သဘာဝပဲလေ။သူ့ဘက်ကကြည့်တော့လက်ဖ၀ါး|ကိုယ်ဘက်ကကြည့်တော့လက်ဖမိုး ဆိုသလိုပေါ့။

စေတနာကြောင့်ဝေဒနာခံစားရတိုင်းနောက်တစ်ကြိမ်ဆိုတာမဖြစ်ရအောင်နေမယ်လို့ဆုံးဖြတ်မိပါတယ်။ဒါပေမယ့်လည်းမွေးသန္ဓေ|သေမှပျောက်ဆိုတဲ့ဆိုရိုးစကားလိုပါဘဲ အခုထိမဖျောက်ဖျက်နိုင်ခဲ့သေးပါဘူး။မဖျောက်ဖျက်နိုင်သရွေ့လည်း ဝေဒနာဒဏ်တွေကိုခံနိုင်အောင်ကြိုးစားရင်း တစ်ပါးသူတွေအပေါ်မှာစေတနာတွေထားမိနေအုန်းမှာဘဲ။ဒီလိုပါဘဲ တစ်ပါးသူတွေလည်းကိုယ်ခံစားရတဲ့ပီတိလေးတွေခံစားရအောင် သူတို့တတွေထားတဲ့စေတနာတွေကိုအလေးအနက်ထားမိနေမှာပါ….။

3 comments:

  1. စေတနာ ထားတတ်တာကောင်းမြတ်တဲ့အကျင့်တစ်ခုပါဗျာ။ မွန်မြတ်တဲ့ စိတ်ထားလေးကို မြင်တွေခဲ့ပါ၏ ။ခင်တဲ့ (ချိုကျ)

    ReplyDelete
  2. ချင်းတွင်းသူလေး..
    ကူညီတတ်တဲ့ စိတ်ထားလေးကို သဘောကျတယ်.

    ReplyDelete
  3. တူလိုက်တာ ချင်းတွင်းသူလေးရယ်။ တို့လည်း အတူတူပဲ။ တူတာမှလေ ကိုယ့်စေတနာကို အသိအမှတ်မပြု တန်ဖိုးမထားရင်နေပါ။ မစော်ကားပါနဲ့ပေါ့။ ဒါပေမဲ့လေ ခုထိ ပြင်မရသေးပါဘူး။ မျက်ရည်ဝဲတဲ့အခါဝဲ။ ကျတဲ့အခါကျနဲ့ နောက် မြင်တဲ့အခါ မနေနိုင်ပြန်ဘူး။ စေတနာလွန်မိ အပြစ်ရှိသည် လို့တောင် ဂျီတော့မှာ ရေးထားမိတဲ့အဖြစ်....ဟိ ခုတော့ ကိုယ့်လိုပဲတဲ့ ချင်းတွင်းသူလေးက အားတက်မိပြန်ပြီ။အားမငယ်နဲ့သိလား။ ၀မ်းလည်းမနည်းနဲ့။

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ