Sunday 16 January 2011

မဆုံတဲ့ ဖူးစာ

ဒီနေ့ စနေနေ့ အလုပ်ပိတ်ရက်လည်းဖြစ်၊ တခြား အထွေအထူးလည်း လုပ်စရာ မရှိတာနဲ့ စာအုပ်စင်ကလည်းရှုပ်နေလို့ ရှင်းနေမိပါတယ်။ ကျွန်မရော ဖေဖေ၊ မေမေ ပါ စာဖတ် ၀ါသနာ ပါကြပါတယ်။ စာအုပ်စင်ရှင်းရင်းနဲ့ စာအုပ်တစ်အုပ်ကို တွေ့မိတဲ့ အချိန်မှာ အတိတ်ရဲ့ အရိပ်တွေ ထင်ဟပ်လာပြီး ဒီစာအုပ်လေးနဲ့ ပတ်သက်တဲ့ သူအကြောင်းလေး တွေးနေမိပါတယ်။

သူဆိုတာကတော့ ကျွန်မနဲ့ တစ်ချိန်က ပတ်သက်ခဲ့သူပေါ့။ ပြောရမယ့်ဆိုရင်တော့ တစ်ချိန်က ကျွန်မရဲ့ ချစ်သူပေါ့။ သူနဲ့ ကျွန်မက ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ နားလည်မှု ကိုယ်စီနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူငယ်ချင်းဘ၀မှာ ကတည်းက ကျွန်မက သူ့ကို အစစအရာရာ နားလည်ပေးခဲ့ သလို သူကလည်း ဘာအကြောင်းဘဲ ဖြစ်ဖြစ် ကျွန်မကို အမြဲတိုင်ပင်ပါတယ်။ သူငယ်ချင်းလိုဘဲ နေလာရင်းနဲ့ ကျောင်းပြီးလို့ အလုပ် ကိုယ်စီ ဖြစ်လာချိန်မှာတော့ ကျွန်မတို့နှစ်ယောက် တစ်နေရာစီ ဖြစ်သွားခဲ့ပါတယ်။ လူက တစ်နေရာစီဖြစ်သလို အဆက်အသွယ်လည်း သိပ်မရခဲ့ပါဘူး။ တစ်နှစ် တခါ လောက်ပဲ ပြန်ဆုံဖြစ်ကြပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ အမြဲရှိပြီး စိတ်ချင်းနီးနေကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒီစာအုပ်လေးကတော့ ချစ်သူ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ သူပေးခဲ့တဲ့ စာအုပ်လေးပါ။ ကျွန်မက စာဖတ်ဝါသနာပါသလို သူကလည်း စာဖတ်တာကို နှစ်သက်တယ်။ ချစ်သူတွေ ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် လူချင်းကတော့ သူငယ်ချင်း ဘ၀တုန်းကလိုဘဲ တစ်နှစ်မှ တခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ တွေ့ဆုံမှုနည်းလို့ သွေးအေးသွားလို့ လည်း မဟုတ်။ သူငယ်ချင်းလိုမျိုး သံယောဇဉ်ပိုတာကို အချစ်လို့ မှားပြီး ကောက်ချက်ချမိကြလို့လည်း မဟုတ်ပေမယ့် သူနဲ့ ကျွန်မ ဖူးစားမဆုံဖြစ်ခဲ့ကြပါဘူး။ သူနဲ့ ကျွန်မ တကယ့်ကို ချစ်ခဲ့တာပါ။ ကွဲကွာသွားတာကလည်း သူများတွေလို အထင်မှားစရာရှိလို့၊ မိဘချင်းမပြေလည်လို့ ၊ မချစ်နိုင်စရာ အကြောင်းတွေရှိလို့ မဟုတ်ပါဘူး။ ချစ်ရက်နဲ့ကို လမ်းခွဲခဲ့ရတာပါ။ ဘာမှ ပြောစရာ မရှိလောက်အောင် အခြေအနေကောင်းတွေ ရှိနေပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာဆိုတာက ရှိနေပြန်ပါတယ်။ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူရဲ့ သမီးကို လက်ထပ်ယူလိုက်ရလို့ပါ။ ကောင်မလေးက ငယ်ရွယ်ပြီး သွက်သွက်လက်လက်ရှိသလို သူ့အပေါ်မှာ အရမ်းကို ချစ်နေမိတာပါ။ လောကမှာ ထောက်ထားစရာတွေ ရှိတာ ကောင်းလည်းကောင်းသလို၊ မကောင်းတဲ့အခါလည်း မကောင်းပါဘူး။ ကျွန်မလည်း သူ့ကို ငယ်ငယ်ကတည်းက အမြဲ နားလည်ပေးခဲ့ရတာ ဒီတစ်ကြိမ်လည်း ကျွန်မ နားလည်ပေးလိုက်ရပြန်ပါတယ်။ သူနဲ့ ကျွန်မ က ဖူးစာကံ မပါလို့ လို့ဘဲ မှတ်ယူရင်းနဲ့ပေါ့....။

သူကတော့ အကောင်းဆုံး မိသားစု ဘ၀လေးကို တည်ဆောက်နိုင်ခဲ့ သလို ကျွန်မလည်း ဖေဖေ၊မေမေတို့ အတွက် အားအကိုးရဆုံး သမီးတစ်ယောက် အနေနဲ့ဘဲ အခုအချိန်ထိ ရပ်တည်နေတော့ပါတယ်။

4 comments:

  1. ဖြန့်ရေးလိုက်ရင် အချစ်ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်လာနိင်တယ်။

    ReplyDelete
  2. အင်း။ ဒါလေးတောင် စာမရေးဖြစ်တာကြာလို့ ကျိုးစားတွေးပြီး ရေးထားရတာ ကိုမြစ်ရေ...။

    ReplyDelete
  3. ဒါဘယ်တုန်းက တင်လိုက်ပါလိမ့်.. ခုမှတွေ့ဒယ်.. အဟဲ. .အကြောင်းသိတွေနော်... :P.. (ဘယ်ပြောလို့ရမလဲ..လျှိုထားတာရှိရင်ရှိနိုင်တယ်..)

    ReplyDelete
  4. ကိုကြီးမြစ် ပြောတာ ဟုတ်တယ်။ သေသေချာချာလေး ဖွဲ့ နွဲ့ ရေးလိုက်ရင် ဝတ္ထုကောင်းတစ်ပုဒ်ပဲ။
    ဒါပေမယ့် သူငယ်ချင်းအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။ ဘယ်သူမဆို ကိုယ်ချစ်တဲ့ သူနဲ့ ဘဲ ပေါင်းချင်မှာပေါ့လေ မဟုတ်ဘူးလား။

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ