Sunday, 20 March 2011

ပြန်လည်ဆုံတွေ့ကြပါစို့....။

ရခဲလှတဲ့ လူ့ဘ၀မှာ ရှေးဘ၀၊ဘ၀က ရေစက်တွေကြောင့် ဘ၀ရဲ့ အချိုးအကွေ့တွေမှာ တွေ့ကြ၊ဆုံကြ၊ ခင်မင်ကြရတယ်။ တွေ့ဆုံခြင်းဟာ ခွဲခွာခြင်းရဲ့အစ ဖြစ်သလို၊ ခွဲခွာခြင်းကလည်း တွေ့ဆုံဖို့အတွက် အစတစ်ခုပါ။ တွေ့ကြ၊ဆုံကြရတဲ့ အခိုက်မှာ အချင်းချင်း စကြ၊ နောက်ကြနဲ့ ပျော်ရွှင်ခဲ့ကြသလို၊ စိတ်ချင်းမတိုက်ဆိုင်တဲ့အခါမှာလည်း စိတ်ဆိုးကြ၊ စိတ်ကောက်ကြနဲ့ပေါ့။ ပျော်ခဲ့တာလေးတွေဘဲဖြစ်ဖြစ်၊ စိတ်ဆိုး၊ စိတ်ကောက်ခဲ့တာလေးတွေဘဲဖြစ်ဖြစ်... ဒါတွေအားလုံးဟာ တစ်ချိန်ကြရင် အမှတ်ရစရာလေးတွေဖြစ်နေမှာပါ။ တစ်ချိန်က ခင်မင်ပျော်ရွှင်ခဲ့ကြရတဲ့သူတွေကိုလည်း အဲဒီအမှတ်ရမှုလေးတွေနဲ့အတူ သတိရနေကြမှာပါ..။

ဒီဘလော့ခ်လေးကနေတဆင့်ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေရော၊ အတူစား၊အတူသွားခဲ့ကြတဲ့ သူငယ်ချင်းတွေရော အမြဲအမှတ်ရနေမှာပါ..။ မကြာခင် ကိုယ့်မွေးရပ်မြေကို ပြန်ရတော့မှာမို့ သူငယ်ချင်း မိတ်ဆွေများ အားလုံးကို ဒီဘလော့ခ်လေးကနေတဆင့် နှုတ်ဆက်စကားတော့မဆိုချင်ပါဘူး...။ ရေစက်မကုန်ဘဲ ပြန်လည်ဆုံတွေ့ကြပါစို့လို့ ပြောချင်ပါတယ်...။

Tuesday, 15 February 2011

ဆေးရောင်လှလှ ခြယ်ကြစို့...။

ဘ၀ဆိုတာ ကိုယ်တိုင်ရေးတဲ့ စာအုပ်တစ်အုပ်နဲ့ တူတယ်လို့ ပြောတာကြားဖူး၊ ဖတ်ဖူးပါတယ်။ ကိုယ့်ရဲ့ စာမျက်နှာတွေကို ကိုယ်တိုင်ဘဲ သရုပ်ဖော် ရေးသားနေကြရပါတယ်..။ ကိုယ်ရေးသား ခြယ်မှုန်းတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကိုယ်ရဲ့ ဘ၀ စာမျက်နှာ လှပမှု၊ မလှပမှုလေးတွေ ဖြစ်ပေါ်လာတာပါ။

ပန်းချီကား တစ်ချပ်ကို ရေးဆွဲနေတာနဲ့လည်းတူပါတယ်..။ ပန်းချီဆွဲသူတိုင်းက ကိုယ့်ရဲ့ ပန်းချီကားလေးကို အလှပဆုံး၊ စွဲဆောင်မှုအရှိဆုံးနဲ့ အဓိပ္ပါယ်တွေ အလေးအနက်ပါဝင်နေအောင် ရေးဆွဲတတ်ကြပါတယ်..။ အဲဒီလို စိတ်ရော၊ ကိုယ်ပါ နှစ်ပြီး ရေးဆွဲထားတဲ့ ပန်းချီကားကို ပန်းချီပညာရဲ့တန်ဖိုးကို နားလည်သူတိုင်း နှစ်သက် လက်ခံကြပါတယ်..။ အဲဒီလို ကောင်းမွန် ပြည့်စုံတဲ့ ပန်းချီကား တစ်ချပ် ရရှိဖို့ဆိုတာကလည်း လွယ်ကူတဲ့ အလုပ် တစ်ခုတော့ မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းကို အစွမ်းကုန်သုံးပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရတာပါ။ အဲဒီလို ကြိုးပမ်းနေရင်းနဲ့ တစ်ခုခု လွဲမှား သွားရင်ဘဲ ဖြစ်ဖြစ်၊ စိတ် အာရုံ မ၀င်စားတော့ရင်ဘဲ ဖြစ်ဖြစ် ပန်းချီကားက မလှပနိုင်တော့ သလို တန်ဖိုးလည်းမရှိတော့ပါဘူး။ ဘ၀ကိုလည်း အကောင်းဆုံး ပန်းချီကား တစ်ချပ်လို ကောင်းမွန် လှပလာအောင် ရေးဆွဲနိုင်ကြရင် အကောင်းဆုံးပါ..။ ပန်းချီဆရာရဲ့ စုတ်ချက်တိုင်းက ပန်းချီကားကောင်း တစ်ချပ် ဖြစ်လာဖို့ အရေးကြီးသလို လူတွေရဲ့ လုပ်ဆောင်ချက်တွေတိုင်းကလည်း မိမိတို့ရဲ့ ဘ၀ လှပဖို့ အတွက် အရေးကြီးပါတယ်..။ ပန်းချီဆရာရဲ့ စုတ်ချက်မှားသွားလို့ ပန်းချီကားကောင်းတစ်ချပ်ဖြစ်မလာခဲ့ရင် အသစ်ပြန်စပြီးစွဲလို့ရပေမယ့် ဘ၀ကတော့ လုပ်ဆောင်ချက်တစ်ခု လွဲသွားရင် အသစ်ကပြန်စလို့ ရနိုင်ဖို့ မလွယ်ကူသလို ရင်းနှီးထားတဲ့ အချိန်တွေကလည်း ပြန်မရနိုင်တော့ပါဘူး။ ဒါက ပြန်စလို့ ရနိုင်တဲ့ အရာတွေ အတွက်ပေါ့။ ဘယ်လိုမှ ပြန်အစားထိုးလို့မရနိုင်တဲ့ အရာတွေအတွက် လုပ်ဆောင်ချက်တွေ မမှားယွင်းဘဲ ကောင်းမွန်နေဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်။ လှပတဲ့ ဆေးရောင်စုံ ပန်းချီကားတစ်ချပ် ရရှိဖို့ ဆေးရောင်များစွာနဲ့ ခြယ်မှုန်းရသလို မိမိတို့ရဲ့ ဘ၀ လှပဖို့လည်း ဆေးရောင်တွေနဲ့တူတဲ့ စိတ်ဓါတ်တွေ၊ အသိပညာတွေ၊ ခွန်အားတွေနဲ့ အပေါင်းအသင်း၊ ပတ်ဝန်းကျင်တွေ ပေါင်းစပ်ပြီး ခြယ်မှုန်းကြရပါမယ်။ ဘ၀ဖန်တီး ပုံဖော်တဲ့အခါမှာလည်း အသိဥာဏ်ပညာလည်း လိုအပ်သလို စိတ်ဓါတ်ကောင်းမွန်ဖို့လည်း အရေးကြီးပါတယ်။ မိတ်ဆွေ အပေါင်းအသင်းဆိုတာကလည်း မရှိမဖြစ်ပါဘဲ။ ဆေးရောင်စုံ ပန်းချီကား တစ်ချပ်မှာ ဆေးရောင် တစ်ရောင်တည်းကြောင့် ပန်းချီကား လှသွားတယ်လို့မရှိပါဘူး။ ဆေးရောင်လေးတွေကို အချိုးညီညီ ပေါင်းစပ်လိုက်မှသာ လှပကောင်းမွန်တဲ့ ပန်းချီကားတစ်ချပ်ရတာပါ။ ဘ၀ကိုလည်း လှပတဲ့ဆေးရောင်စုံ ပန်းချီကားတစ်ချပ်လို လှပလာအောင် ဆေးရောင်စုံလေးတွေနဲ့ အချိုးညီညီ ပေါင်းစပ်ပြီး လှပတဲ့ ပန်းချီကား တစ်ချပ်ဖြစ်အောင် ဖန်တီးကြစို့လား။

Saturday, 22 January 2011

နမ်းသူမဲ့သော ပန်းသဇင်

ဆောင်းနှင်းဖွေးဖွေးကျနေတဲ့ နံနက်ခင်းလေးတစ်ခု....။
တက်ကြွမှု အပြည့်ရှိနေကြတဲ့ လူငယ်လေး တစ်စု...။

သူတို့လေးတွေကတော့ အနာဂတ်မှာ လှပစွာ တင့်တယ်လာကြမယ့် အနာဂတ်ရဲ့ သားကောင်းရတနာလေးတွေပါ။ အေးမြလှတဲ့ နံနက်ခင်းလေးမှာ တက်ကြွတဲ့ လူငယ်လေးတွေကိုကြည့်ရတာ အရမ်းကို ကြည်နူးဖွယ် ကောင်းပါတယ်။ သူတို့လေးတွေကတော့ ကျောင်းမှန်မှန်တက်၊ စာလည်းကြိုးစားကြတဲ့ ထွန်းထွန်းတို့ သူငယ်ချင်းတစ်စုပါ။ အခုလည်း ကျောင်းမှာ ဒီဇင်ဘာလ အားကစားပွဲ ရှိတဲ့အတွက် ယှဉ်ပြိုင်၊အားပေးဖို့ လာရောက်နေကြခြင်းပါ။ သူတို့လေးတွေက စာပေမှာ ထူးချွန်သလို အားကစားမှာလည်း မဆိုးကြပါဘူး။ တခါတရံမှာတော့ စာပေဘက်မှာ အားနည်းပြီး အားကစားမှာ ထူးချွန်တဲ့ ကျောင်းသားတွေလည်း ရှိတတ်ပါတယ်။

ထွန်းထွန်းတစ်ယောက်က စာလည်းကြိုးစားပြီး ကျောင်းစည်းကမ်းလည်း လိုက်နာပါတယ်။ သူ အကြောက်ဆုံး ကတော့ ကျောင်းစည်းကမ်းမလိုက်နာမိလို့ အပြစ်ပေးခံရမှာကိုပါ။ ကျောင်းအုပ်ဆရာကြီးက စည်းကမ်းကြီးသလို အရိုက်လည်း ကြမ်းပါတယ်။ ကျောင်းသားတိုင်း ကြောက်ကြပါတယ်။

ထွန်းထွန်းရဲ့ မိဘတွေကတော့ သာမာန် ၀န်ထမ်းတွေပါ။ ထွန်းထွန်းက မောင်နှမထဲမှာ အကြီးဆုံး ဖြစ်တဲ့အတွက် တခါတရံ အိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီ လုပ်ကိုင်ပေးရပါတယ်။ သူနေတဲ့ ရပ်ကွက်က ကျောင်းနဲ့ အနည်းငယ် လှမ်းပါတယ်။ စက်ဘီးစီးပြီးလာရင်တောင်မှ ၄၅မိနစ်လောက် ကြာပါတယ်။

တစ်နေ့မှာတော့ ထွန်းထွန်းတစ်ယောက် လမ်းမှာ စက်ဘီးပျက်ပြီး ကျောင်းချိန် နောက်ကျခဲ့ပါတယ်။ ကျောင်းနောက်ကျနေလို့ ထွန်းထွန်းလည်း ကျောင်းမသွားဘဲ အိမ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ကလည်း ကျောင်းစုဝေးပွဲ ရှိတဲ့နေ့ပါ။ ဆရာမက အတန်းမှာ လူစစ်တော့ ထွန်းထွန်း ကျောင်းပျက်နေတာကို တွေ့ရပါတယ်။ ကျောင်းအုပ်ကြီးက ခွင့်မတိုင်ဘဲ ပျက်တဲ့ ကျောင်းသားကို အပြစ်ပေးရမယ်လို့ ကျောင်းစုဝေးပွဲမှာဘဲ ကြေငြာပြောဆိုလိုက်ပါတယ်။ ကျောင်းအုပ်ကြီးပြောတာကို ထွန်းထွန်းရဲ့ သူငယ်ချင်းတွေက သူ့ကို ပြန်ပြောခဲ့ပါတယ်။ အစကတည်းက အကြောက်ကြီးတဲ့ ထွန်းထွန်းက ကြောက်ပြီး ကျောင်းကို မလာရဲဘူးဖြစ်နေပါတယ်။

မိဘတွေကလည်း ပညာရေးကို အားပေးတဲ့အပြင် ဒီနှစ်က ဆယ်တန်းဖြစ်လို့ ပိုဂရုစိုက်ကြပါတယ်။ နောက်တစ်နေ့ ထွန်းထွန်းတစ်ယောက် မိဘကြောင့် ကျောင်းလာနေရပေမယ့် ကျောင်းကိုလည်း မသွားရဲ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာဘဲ သူနဲ့ ငယ်ငယ်က အတန်းတူ သူငယ်ချင်း ညီညီနဲ့ နောက်တစ်ယောက်ကို လမ်းမှာတွေ့တယ်။ သူတို့တွေက ကျောင်းမနေဘဲ လေနေတဲ့ သူတွေပေါ့။ ဒီနေ့လည်း ထန်းရည်သောက် သွားကြမလို့တဲ့။ ထွန်းထွန်းလည်း ကျောင်းကို မသွားရဲတာနဲ့ သူတို့နဲ့ အတူ အဲဒီနေ့က ကျောင်းပုန်းဖြစ်ခဲ့တယ်။ မိဘကတော့ မသိဘူးပေါ့။ ကျောင်းပုန်းရတဲ့ အရသာကိုတော့ ထွန်းထွန်း သိသွားတယ်။ လူငယ် ဆိုတော့ ပျော်ရွှင်မှုကို ပိုမြတ်နိုးတာပေါ့။ နောက်တစ်နေ့တော့ ထွန်းထွန်း ကျောင်းပြန်တက်ခဲ့တယ်။ ကျောင်းအုပ်ဆရာကြီး ခရီးထွက်နေလို့ အပြစ်မခံယူရသေးပေမယ့် အတန်းပိုင်ဆရာမက မေးမြန်းပြီးလို့ ပေးတဲ့ အပြစ်တော့ ခံပြီးရပါပြီ။ ကျောင်းအုပ်ကြီးပြန်ရောက်လာတဲ့ အခါမှာ အပြစ်ဒဏ် ခံယူပြီးဖြစ်တဲ့အတွက် နောက်တစ်ကြိမ် အပြစ် မပေးခဲ့ပါဘူး။ ဒါပေမယ့် ထွန်းထွန်း တစ်ယောက် ကျောင်းပုန်းရတာကို နှစ်သက်နေမိတဲ့အတွက် မကြာခဏ ဆိုသလို ကျောင်းပုန်းတတ်လာခဲ့ပါတယ်။ ထွန်းထွန်းကျောင်းပျက်များလို့ မိဘကိုခေါ်တွေ့ခဲ့ပါတယ်။

တစ်နေ့မှာတော့ ထွန်းထွန်းတစ်ယောက် ကျောင်းကိုရောက်မလာပါဘူး။ ဒါပေမယ့် ညနေကျောင်းဆင်းခါနီးမှာ ရဲတပ်ဖွဲ့ဝင် တစ်ချို့ကျောင်းကို ရောက်လာပြီး ထွန်းထွန်းတို့ သူငယ်ချင်းတစ်စု ဘိန်းဖြူခိုးပြီး သုံးစွဲနေတာ တွေ့လို့ ကျောင်းကို လာပြီး အကြောင်းကြားပါတယ်။ သူတို့တွေကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ် လို့ ပြောပါတယ်။

စာတော်ပြီး လိမ္မာတဲ့ ကျောင်းသားတစ်ယောက် မဆင်မခြင်နဲ့ အတွေးမှားပြီး အပေါင်းအသင်းမှားခဲ့တဲ့ အတွက် အားလုံးက မျှော်လင့်ထားသလို လှပတဲ့ သဇင်ပန်းလေးတစ်ပွင့်လိုဖြစ်မလာတော့ဘဲ ဘိန်းဖြူရဲ့ သားကောင်အဖြစ်နဲ့ နမ်းသူမဲ့တဲ့ ပန်းသဇင်ဖြစ်ခဲ့ရပါတယ်။

ထွန်းထွန်းရဲ့ အဖြစ်ကို နမူနာယူရင်း ကျောင်းသားတွေကလည်း အပြစ်လုပ်ခဲ့မိရင် ရဲရဲဝံ့ဝံ့ ခံယူသင့်သလို၊ အပြစ်ပေးတဲ့ ဆရာ၊ ဆရာမများအနေနဲ့လည်း အမှန်တကယ် အပြစ်ကျူးလွန်ခြင်းရှိ၊ မရှိ သေချာ စစ်ဆေးပြီးမှ အပြစ်ပေးသင့်ပါတယ်။

Sunday, 16 January 2011

မဆုံတဲ့ ဖူးစာ

ဒီနေ့ စနေနေ့ အလုပ်ပိတ်ရက်လည်းဖြစ်၊ တခြား အထွေအထူးလည်း လုပ်စရာ မရှိတာနဲ့ စာအုပ်စင်ကလည်းရှုပ်နေလို့ ရှင်းနေမိပါတယ်။ ကျွန်မရော ဖေဖေ၊ မေမေ ပါ စာဖတ် ၀ါသနာ ပါကြပါတယ်။ စာအုပ်စင်ရှင်းရင်းနဲ့ စာအုပ်တစ်အုပ်ကို တွေ့မိတဲ့ အချိန်မှာ အတိတ်ရဲ့ အရိပ်တွေ ထင်ဟပ်လာပြီး ဒီစာအုပ်လေးနဲ့ ပတ်သက်တဲ့ သူအကြောင်းလေး တွေးနေမိပါတယ်။

သူဆိုတာကတော့ ကျွန်မနဲ့ တစ်ချိန်က ပတ်သက်ခဲ့သူပေါ့။ ပြောရမယ့်ဆိုရင်တော့ တစ်ချိန်က ကျွန်မရဲ့ ချစ်သူပေါ့။ သူနဲ့ ကျွန်မက ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ နားလည်မှု ကိုယ်စီနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူငယ်ချင်းဘ၀မှာ ကတည်းက ကျွန်မက သူ့ကို အစစအရာရာ နားလည်ပေးခဲ့ သလို သူကလည်း ဘာအကြောင်းဘဲ ဖြစ်ဖြစ် ကျွန်မကို အမြဲတိုင်ပင်ပါတယ်။ သူငယ်ချင်းလိုဘဲ နေလာရင်းနဲ့ ကျောင်းပြီးလို့ အလုပ် ကိုယ်စီ ဖြစ်လာချိန်မှာတော့ ကျွန်မတို့နှစ်ယောက် တစ်နေရာစီ ဖြစ်သွားခဲ့ပါတယ်။ လူက တစ်နေရာစီဖြစ်သလို အဆက်အသွယ်လည်း သိပ်မရခဲ့ပါဘူး။ တစ်နှစ် တခါ လောက်ပဲ ပြန်ဆုံဖြစ်ကြပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ အမြဲရှိပြီး စိတ်ချင်းနီးနေကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒီစာအုပ်လေးကတော့ ချစ်သူ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ သူပေးခဲ့တဲ့ စာအုပ်လေးပါ။ ကျွန်မက စာဖတ်ဝါသနာပါသလို သူကလည်း စာဖတ်တာကို နှစ်သက်တယ်။ ချစ်သူတွေ ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် လူချင်းကတော့ သူငယ်ချင်း ဘ၀တုန်းကလိုဘဲ တစ်နှစ်မှ တခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ တွေ့ဆုံမှုနည်းလို့ သွေးအေးသွားလို့ လည်း မဟုတ်။ သူငယ်ချင်းလိုမျိုး သံယောဇဉ်ပိုတာကို အချစ်လို့ မှားပြီး ကောက်ချက်ချမိကြလို့လည်း မဟုတ်ပေမယ့် သူနဲ့ ကျွန်မ ဖူးစားမဆုံဖြစ်ခဲ့ကြပါဘူး။ သူနဲ့ ကျွန်မ တကယ့်ကို ချစ်ခဲ့တာပါ။ ကွဲကွာသွားတာကလည်း သူများတွေလို အထင်မှားစရာရှိလို့၊ မိဘချင်းမပြေလည်လို့ ၊ မချစ်နိုင်စရာ အကြောင်းတွေရှိလို့ မဟုတ်ပါဘူး။ ချစ်ရက်နဲ့ကို လမ်းခွဲခဲ့ရတာပါ။ ဘာမှ ပြောစရာ မရှိလောက်အောင် အခြေအနေကောင်းတွေ ရှိနေပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာဆိုတာက ရှိနေပြန်ပါတယ်။ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူရဲ့ သမီးကို လက်ထပ်ယူလိုက်ရလို့ပါ။ ကောင်မလေးက ငယ်ရွယ်ပြီး သွက်သွက်လက်လက်ရှိသလို သူ့အပေါ်မှာ အရမ်းကို ချစ်နေမိတာပါ။ လောကမှာ ထောက်ထားစရာတွေ ရှိတာ ကောင်းလည်းကောင်းသလို၊ မကောင်းတဲ့အခါလည်း မကောင်းပါဘူး။ ကျွန်မလည်း သူ့ကို ငယ်ငယ်ကတည်းက အမြဲ နားလည်ပေးခဲ့ရတာ ဒီတစ်ကြိမ်လည်း ကျွန်မ နားလည်ပေးလိုက်ရပြန်ပါတယ်။ သူနဲ့ ကျွန်မ က ဖူးစာကံ မပါလို့ လို့ဘဲ မှတ်ယူရင်းနဲ့ပေါ့....။

သူကတော့ အကောင်းဆုံး မိသားစု ဘ၀လေးကို တည်ဆောက်နိုင်ခဲ့ သလို ကျွန်မလည်း ဖေဖေ၊မေမေတို့ အတွက် အားအကိုးရဆုံး သမီးတစ်ယောက် အနေနဲ့ဘဲ အခုအချိန်ထိ ရပ်တည်နေတော့ပါတယ်။

Friday, 14 January 2011

ခရီးသွားခြင်းရဲ့ အကျိုး

ခရီးသွားခြင်း အကျိုး ဆိုလို့ ခရီးသွားလို့ ရလာတဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေလို့ ထင်ရင်တော့ လုံးဝချည်းကို လွဲသွားမယ် စာဖတ်သူများရေ...။ အခုရေးမယ့် ပို့စ်လေးကတော့ ခရီးသွားတဲ့ရက်မှာ အဆောင်က သန့်ရှင်းရေး လုပ်တဲ့ရက်နဲ့က တိုက်နေတော့ အစားပြန်လုပ်ပေးရတဲ့ အကြောင်းလေးပါ။ ဂျပန်မှာ ပေါက်ပြားပေါက်ဖူးတဲ့ အတွေ့အကြုံလေးတော့ ရသွားတာပေါ့။ အဆောင်က ၂လ ၁ကြိမ် အမြဲ သန့်ရှင်းရေးလုပ်တယ်။ ဒီလောက် ၂လ ၁ကြိမ်တည်း လုပ်တာကို ခရီးထွက်တာနဲ့ ကြုံဖြစ်အောင်ကြုံတာ။

ပထမ တစ်ခါကတော့ ပေါက်ပြားပေါက်ရဘူး။ အဆောင်ရှေ့က သစ်ပင်တွေမှာ အရွက်တွေကြွေတော့ သစ်ရွက်ခြောက်လေးတွေဘဲ တံမြက်စည်းလှဲရုံဘဲ။ ဒီတခါတော့ သစ်ပင်မှာ အရွက်တွေ မရှိတော့လို့ သန့်ရှင်းရေး သိပ်လုပ်စရာ မရှိလောက်ဖူးလို့ သူငယ်ချင်းကပြောတယ်။ ဒါပေမယ့် ဒီနေ့ သန့်ရှင်းရေးလုပ်ဖို့ အဆောင်မှုးဆီကို သွားတော့ ရုံးခန်း အ၀မှာ ပေါက်ပြားက အဆင့်သင့် စောင့်နေတယ်။ အဲဒီကျမှ မုန့်ဟင်းခါးကို အကြော်တွေ၊ ဘာတွေနဲ့ စားရတော့မယ် ဆိုတာ သိလိုက်တော့တယ်။ အဆောင်မှုးက မြက်ပေါက်ရမယ့်နေရာ ခေါ်သွားပြီး မြက်ပေါက်ခိုင်းတော့တာဘဲ။ တော်သေးတယ်။ အခြား အဖော် ၂ယောက် ရှိသေးလို့။ ဂျပန်မှာ ပေါက်ပြားပေါက်ရတဲ့ အမှတ်တရ ပေါက်ပြားလေးကို ဓါတ်ပုံကို ရိုက်ထားချင်တာ။ မှတ်မှတ်ရရပါဘဲ။ ခရီးသွားလို့ ရတဲ့ သူများတွေနဲ့ မတူတဲ့ အကျိုး.....။

Monday, 3 January 2011

ဖြစ်တတ်တဲ့ လူ့သဘာဝ

လိုလျှင် အသုံးချ၊ မလိုလျှင် မုန်းကြ။

လိုလျှင် သတိရ၊ မလိုလျှင် မေ့ကြ။

လိုလျှင် ပြုံးပြ၊ မလိုလျှင် မဲ့ကြ။

ပျော်ရွှင် ပြည့်စုံနေပါက၊ ဖေးကူခဲ့သူတွေကို သတိမရ...။

အောင်မြင်မှုတွေရနေက၊ မာန်မာနတွေ ထောင်လွှားကြ။

အားငယ်ချိန်မှာ တမ်းတတာ၊ ကူညီဖေးမမှုကိုပါ။

ဒီအရာတွေက လူ့သဘာဝ၊ နားလည်ပေးနိုင်က၊

နေပျော်စရာ လူ့ဘ၀၊ ရလာနိုင်မှာပါ။

Tuesday, 21 December 2010

တန်ဖိုးထား ထိန်းသိမ်းရမယ့် မိန်းမသား ဘဝ

ဒီခေါင်းစဉ်ကိုကြည့်ပြီး ဘလော့ခ်ဂါကိုကိုများ အားမပေးဘဲတော့ ပြန်မသွားပါနဲ့နော်။ ဘယ်သူ့ကို၊ ဘာကို ရည်ရွယ်ပြီး ရေးထားတာ မဟုတ်ပါဘူး။ ဒီနေ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ခုကြည့်ပြီး တွေးမိသွားတာကြောင့် ရေးမိသွားတာပါ။

မိန်းမသားတွေရဲ့ဘ၀မှာ ဆောင်ရန်၊ ရှောင်ရန်တွေ အရမ်းကိုများပါတယ်။ မိန်းမသားတွေက ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ ယောက်ျားလေးတွေက သူတို့ ကိုယ်တိုင်ကသာ ရှုပ်ချင်ပေမယ့် ကိုယ်ယူမယ့် မိန်းကလေးကိုတော့ ခြောက်ပြစ်ကင်း စေချင်တယ်တဲ့။ ဒါကဖတ်ဖူးတဲ့ စာသားလေး တစ်ခုပါ။ ပြောချင်တာက ယောက်ျားကောင်းရဖို့ အတွက် တန်ဖိုးရှိအောင်နေရမယ်လို့ ဆိုချင်တာမဟုတ်ပါဘူး။ ဘာအတွက်ပဲဖြစ်ဖြစ် မိန်းကလေးတွေက မိမိတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့အပြုအမူတွေက ကိုယ်အတွက် ဘာမှ မဖြစ်လောက်ဖူးလို့ထင်ပေမယ့် သူများအမြင်မှာ အထင်သေးစရာ ဖြစ်တတ်ပါတယ်။ ဥပမာ- ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ မိန်းကလေးက သူရဲ့ စိတ်မှာ ဘာမှ မရှိဘဲ သူရဲ့ ယောက်ျားလေးဆန်တဲ့စိတ်ကြောင့် ပြောဆိုဆက်ဆံတာ ပွင့်လင်းပြီး သွက်လက်နေတတ်ပါတယ်။ ပွင့်လင်းဖော်ရွေတာက ကောင်းတဲ့လက္ခဏာဖြစ်ပေမယ့် ဒါကို နားလည် မပေးတတ်တဲ့သူတွေကတော့ ဒီမိန်းကလေး အနေအထိုင်ရဲတင်းလိုက်တာလို့ထင်တတ်ကြပါတယ်။ ပြီးတော့ အထင်အမြင်သေးတတ်ကြပါတယ်။ ထင်တဲ့သူတွေဘက်ကကြည့်ရင်လည်း မမှားပါဘူး။ လူအမျိုးမျိုး၊ စိတ်ထားအမျိုးမျိုးတွေရှိတတ်ကြကြောင့်ပါ။ အမှန်ကတော့ မိန်းကလေး က မိန်းကလေး ပီပီနေသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ဘ၀ပေးအခြေအနေကြောင့် ဒီလိုပုံစံတွေ ရှိလာတတ်တာပါ။ မိန်းမသားတွေက မိန်းမဆန်ဆန်နဲ့ ပွင့်ပွင့်လင်းပုံစံရှိအောင်နေထိုင်မယ်ဆိုရင်တော့ အများရဲ့ အပြောကိုမခံရနိုင်တော့ပါဘူးလို့ထင်ပါတယ်။ ရဲတင်းတဲ့ပုံစံမဟုတ်ဘဲ ရဲရင့်တဲ့ပုံစံ ဖြစ်သင့်ပါတယ်။

နောက်ပြီးမိန်းကလေးတွေက ခေတ်ဆန်တတ်ကြပါတယ်။ ခေတ်ဆန်တာနဲ့ ခေတ်မီတာ မတူပါဘူး။ ခေတ်ဆန်တဲ့မိန်းကလေးတွေဆို အကောင်းမြင်လည်း ခဏပါ။ များသောအားဖြင့်တော့ ဒီမိန်းကလေးက ခေတ်ဆန်လိုက်တာဆိုပြီး negative view တွေနဲ့ဘဲ ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ခေတ်တော့မီသင့်ပါတယ်။

မိန်းကလေးတွေက အထူးသဖြင့် ယောက်ျားလေးတွေနဲ့ ပြောဆိုဆက်ဆံရာမှာလည်း မိန်းကလေးပီပီ အိနြေ္ဒရေရရ ပြောဆိုဆက်ဆံသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရင်းရင်းနှီးနှီးနဲ့ ယောက်ျားလေးတွေနဲ့ တန်းတူ ပြောဆိုဆက်ဆံခဲ့ရင် အထင်မြင်သေးခြင်းခံရတတ်ပါတယ်။ ပြီးတော့ တန်ဖိုးလည်းမထားတတ်ကြပါဘူး။ မိန်းကလေးပီပီ အိနြေ္ဒရေ သိက္ခာရှိရှိ ပြောဆိုနေထိုင်သင့်ပါတယ်။ ဒါမှလည်း မိမိကိုယ်ကို တန်ဖိုးထားရာ ရောက်ပါမယ်။

မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ သဘာဝချင်းကစပြီး မတူညီတဲ့ အတွက် ဘာကိုဘဲလုပ်လုပ် မိမိရဲ့ မိန်းကလေးဆိုတဲ့ သဘာဝကိုတော့ ကျော်လွန်ပြီး မတွေးသင့်သလို၊ မလုပ်ဆောင်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကိုပဲ လုပ်လုပ် မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးကို လျော့ပါးစေမယ့် အပြုအမူမျိုး မဖြစ်သင့်ပါဘူး။ အထူးသဖြင့် မြန်မာမိန်းကလေးတွေက မိမိတို့ရဲ့ တန်ဖိုးကို ကျဆင်းမသွားအောင် မိမိတို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာနေထိုင်သင့်တယ်လို့ ထင်ပါတယ်။

မိန်းကလေးတွေကလည်း မိန်းမသားပီပီ ပြောဆိုနေထိုင် ဆက်ဆံသင့်သလို၊ အများကလည်း ပွင့်လင်း သွက်လက်တဲ့ မိန်းကလေးတိုင်းကို ရဲတင်းလိုက်တာလို့မတွေးဘဲ အကောင်းဘက်ကနေ ဖြည့်တွေးပြီး ပြောဆိုသင့်တယ်လို့ထင်ပါတယ်။ ခေတ်ဆန်တဲ့မိန်းကလေးတွေ မဟုတ်ဘဲ ခေတ်မီတဲ့ မိန်းကလေးတွေ ဖြစ်ပြီး မိမိဘ၀ကို တန်ဖိုးထားတတ်သော မိန်းကလေးများ ဖြစ်သင့်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ ဘ၀ဟာ ခြေတစ်လှမ်းမှားလိုက်တာနဲ့ တစ်ဘ၀စာပြင်မရတဲ့ အမှားတွေ ဖြစ်လာတတ်လို့ပါ။ ဒါကြောင့် မိန်းကလေးတိုင်း မိမိကိုယ်ကို တန်ဖိုးထားတတ်ပြီး အိနြေ္ဒရှိရှိနဲ့ မိန်းမ ပီသသော မိန်းမသားတွေ ဖြစ်စေချင်ပါတယ်။

Saturday, 11 December 2010

နိယာမ

သက်ရောက်မှုတိုင်း၊
တန်ပြန် သက်ရောက်မှုရှိတယ်လို့ သူတို့တွေက ပြောကြတယ်။
ကိုယ်ကပြုံးပြလျှင် သူပြုံးပြတယ်။
ကိုယ်ကမဲ့တော့ သူပြန်မဲ့တယ်တဲ့။
ကိုယ်ကချစ်နေပေမယ့် သူပြန်မချစ်တော့....
ဘာနိယာမလို့ ခေါ်ကြမလဲဗျာ....။

Wednesday, 1 December 2010

ကျွန်မ ဘ၀ရဲ့ အဖော်မွန်လေးများ

လူတိုင်း လူတိုင်းမှာ အပါင်းအသင်း၊ မိတ်ဆွေ ဆိုတာရှိတတ်စမြဲပါ။ အဲဒီလို မိတ်ဆွေတွေထဲမှာ လူသားတွေအပြင် စာပေ၊ ဂီတ စတဲ့ အရာတွေလည်းပါဝင်ပါတယ်။
ကျွန်မရဲ့ အဖော်မွန်လေးတွေကတော့ အထူးသဖြင့် စာအုပ်၊ စာပေနဲ့ ဂီတပါ။ ငယ်စဉ် ကလေးဘ၀ကနေ ကျောင်းပြီးဘွဲ့ရတဲ့အထိ အဖော်မွန်လေးတွေကတော့ စာအုပ်တွေရယ်၊ သီချင်းတွေရယ်၊ အားကစားရယ်ပါ။ ကျွန်မ ငယ်ငယ် ကျောင်းနေစဉ်က အဖော်မွန်တွေကတော့ တို့ကျောင်းသား၊ တေဇ စာစောင်လေးတွေပါ။ ဖေဖေရော၊ မေမေပါ စာဖတ်ဝါသနာပါကြတော့ ကျွန်မအတွက် ဒီစာစောင်လေးတွေကို လစဉ်ဝယ်ပေးပါတယ်။ အဲဒီလိုနဲ့ စာဖတ်ဝါသနာပါလာတော့ စာအုပ်တွေက ကျွန်မရဲ့ အဖော်မွန်လေးတွေ ဖြစ်လာပါတယ်။
ဂီတကလည်း လူတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေတယ်လို့ ကြားဖူးပါတယ်။ လူတိုင်းလည်းကြားဖူးမှာပါ။ တစ်ခါတစ်ရံ အလုပ်တွေရှုပ်နေတာတို့၊ စိတ်တွေရှုပ်နေတာတို့ဆိုရင် ကြိုက်တဲ့ သီချင်းလေး နားထောင်လိုက်ရင် အလုပ်ရှုပ်တာတွေ၊ စိတ်ရှုပ်တာတွေ ခဏမေ့ပြီး စိတ်ကြည်နူးမှုလေးတွေရလာပါတယ်။
ကျွန်မကတော့ အဲဒီလိုအချိန်ဆိုရင် သီချင်းအေးအေးလေးတွေ နားထောင်တတ်ပါတယ်။
နောက်တစ်ခုက ကျွန်မ ငယ်ငယ်က အားကစား အရမ်းကို ၀ါသနာကြီးခဲ့ပါတယ်။ အခုထိလည်း အဲဒီဝါသနာ ရှိနေတုန်းပါဘဲ။ ငယ်ငယ်က ဘတ်စ်ကတ်ဘော ကစားပါတယ်။ ညနေတိုင်း ကစားပါတယ်။ တစ်ခါတစ်ရံ နေမကောင်းသလို ဖြစ်နေရင် ညနေမှာ သွား မကစားရမှာ စိုးလို့ နေကောင်းချင်ယောင်ဆောင်ပြီး အိမ် အလုပ်တွေကူ၊ စာတွေ ကျက်ပြနေရတယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တာ၊ စကားမပြောဖြစ်တာရှိခဲ့ရင်တောင်မှ ပျင်းတယ်၊ အထီးကျန်ဆန်တယ်လို့ မခံစားရဘူး။ စာအုပ်ဖတ်ရင်ဖတ်၊ သီချင်းနားထောင်ရင်ထောင်၊ ညနေရောက်ရင် ကစားနဲ့ဘဲ ကျွန်မရဲ့ အားလပ်ချိန်လေးတွေ ကုန်ဆုံးသွားတာပါ။
ကျောင်းပြီးလို့ အလုပ်ခွင်ဝင်တော့ အားကစားကလွဲပြီး စာအုပ်နဲ့ သီချင်းလေးတွေက ကျွန်မရဲ့အဖော်မွန်အဖြစ် ဆက်ရှိနေပါတယ်။
အခု အမိမြေနဲ့ဝေးတဲ့ဆီမှာ ပညာသင်လာနေချိန်မှာတော့ ကျွန်မမှာ အဖော်မွန်လေးတွေတိုးလားတယ်။ ဒါပေမယ့် စာဖတ်နှုန်းတော့နည်းသွားတယ်။ ဒီဘလော့ခ်လေးကလည်း ကျွန်မဘ၀ရဲ့ အဖော်မွန်ထဲက တစ်ခုပါ။ နောက်တိုးလာတာတွေကတော့ မြန်မာဗွီဒီယို ၀က်ဘ်ဆိုဒ်တွေပါဘဲ။ ပျင်းတဲ့အခါ ဇာတ်လမ်းလေးတွေကြည့်၊ သီချင်းနားထောင်၊ စိတ်ကူးရတဲ့အခါ ဘလော့မှာ စာရေးလိုက်နဲ့ ကျွန်မရဲ့ အဖော်မွန်လေးတွေကြောင့် အထီးကျန်တာ အားငယ်တာ မရှိတော့ပါဘူး။ ဘလော့ခ်တွေ လျှောက်လည်ရတာကလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရသလိုပါဘဲ။
လူဆိုတာ တစ်ဦးတစ်ယောက်ထဲ ရပ်တည်နေထိုင်လို့မရပါဘူး။ ဒါပေမယ့်..တစ်ခါတစ်ရံမှာ သူငယ်ချင်း အပေါင်းအသင်းတွေက မအားတဲ့အခါတို့၊ မတွေ့ဖြစ်ကြတဲ့အခါ၊ စကားမပြောဖြစ်တဲ့အခါတို့ ရှိရင် ရှိနိုင်ပေမယ့် သူတို့လေးတွေကတော့ ကျွန်မဘေးမှာ အမြဲရပ်တည်ပေးနေတဲ့ ကျွန်မဘ၀ရဲ့ အဖော်မွန်လေးတွေပါ။

Tuesday, 30 November 2010

ရင်မောရတဲ့ ညနေလေးများ

သဇင်တို့တွေက မြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျောင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေပါ။ သဇင်တို့လိုဘဲ မြို့ကနေ နေ့ချင်းပြန် ကျောင်းတက်ကြတဲ့ ဆရာ၊ ဆရာမ ၇ ယောက်လောက်ရှိပါတယ်။ သဇင်တို့ကျောင်းက မြို့နဲ့ ဝေးလွန်းတာလည်း မဟုတ်၊ နီးလည်း သိပ်ပြီး မနီးလှဘူး။ ကျောင်းက အဝေးပြေး ကားလမ်းဘေးမှာ ရှိပါတယ်။ အဝေးပြေး ကားလမ်းဘေးမှာ ရှိတယ် ဆိုပေမယ့် သွားရေး၊ လာရေးက တစ်ခါတစ်ခါ သိပ်အဆင်မပြေပြန်ဘူး။ ညနေ ကျောင်းဆင်းချိန်ဆို ကား သိပ်မရှိတော့ဘူး။
ကားမရှိဘူး ဆိုတာက အထူးသဖြင့် လိုင်းကားပေါ့။ အဝေးပြေးကားတွေ ကတော့ ရှိတတ်ပါတယ်။ အဝေးပြေးကားတွေကလည်း လိုင်းကားတွေ ဆွဲတဲ့ နေရာ အပိုင်းအခြားဖြစ်နေတော့ သိပ်မတင်ချင်ပြန်ဘူး။
သဇင်တို့တွေ မနက်ခင်း ကျောင်းလာချိန်မှာ လိုင်းကားက အဆင်ပြေပေမယ့် ညနေ ပြန်ချိန်ဆို အမြဲ စိတ်ညစ်ရပါတယ်။ စာသင်ချိန်ပြီးလို့ ကျောင်းဆင်း၊ လိုင်းကားကမရှိဆိုတော့ မောသွားတာဘဲ။ တစ်ခါတစ်ရံ ကံကောင်းရင်တော့ ကျောင်းဆင်းချိန်မှာ လိုင်းကား တစ်စီးလောက်တော့ မှီတတ်ပါတယ်။ အဲဒီလို နေ့မျိုးဆို ပျော်မိတာ အမှန်ပါ။
ဒါပေမယ့် လိုင်းကား မရှိတော့တဲ့ ညနေတွေမှာတော့...
ကျောင်းရှေ့မှာ သဇင်တို့ ဆရာမ အဖွဲ့တွေ ကားလာမယ့် ဘက်ကို မျှော်ကြည့်နေရတာပေါ့။ ကားတစ်စီးလာလို့ တားတယ်။ ရပ်မပေးပြန်တော့ ရင်မောရပြန်တယ်။ နောက်တစ်စီး လာပြန်.. တားပြန်.. မရပ်ပြန်နဲ့ ဒီလိုဘဲ ကားရတဲ့ အထိ စောင့်ရတာပေါ့။ တစ်ခါတစ်ခါ မိသားစု ကိုယ်ပိုင်ကားလေးတွေက လမ်းကြုံရင် ခေါ်တင်တတ်ပါတယ်။ ကိုယ်ပိုင်ကားတိုင်းတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ခါ မြို့ဘက်ကို သွားတဲ့ ဆိုင်ကယ်တွေကို တားပြီး တင်ခေါ်ဖို့ ပြောရပါတယ်။ အဲလို အချိန်မျိုးမှာ ရပ်ပြီးတင်ခေါ်သွားတဲ့ သူရှိသလို၊ မခေါ်တဲ့ ဆိုင်ကယ်ကများပါတယ်။ တစ်ချို့ဆိုင်ကယ်တွေဆို ဆရာမတွေ ကျောင်းရှေ့ ရပ်နေတာကို အဝေးက မြင်တာနဲ့ ဆရာမတွေက လမ်းဒီဘက်မှာ ရပ်နေရင် လမ်းရဲ့ တစ်ခြားတစ်ဖက်ကနေ ကပ်ပြီးမောင်းသွားကြပါတယ်။ တစ်ချို့သူတွေကျပြန်တော့လည်း ဆိုင်ကယ်ဘဲဖြစ်၊ ကားဘဲဖြစ်ဖြစ်ရပ်ပြီးတော့ ဆရာမတို့ ဘယ်အထိ သွားကြမှာလဲဗျာ/ရှင်..လို့ မေးပြီးတော့ သူတို့နဲ့ လမ်းကြုံရင် တင်ခေါ်ကြပါတယ်။ အဲဒီ အချိန်ဆို ပျော်မဆုံးပေါ့ရှင်...။
သဇင်တို့တွေ ကားဘဲတားတား၊ ဆိုင်ကယ်ကိုဘဲ အကူအညီ တောင်းတောင်း ခေါ်တင်မသွားတဲ့အခါ ရင်မောရပါတယ်။ ဒီလို အချိန်မှာ ဘ၀အမောလေးတွေ ပြေပါစေရယ်လို့ ဟသလေးတွေနှောရတာပေါ့။ သဇင်တို့ အဖွဲ့ ပြောနေကျ စကားလေးတစ်ခွန်းရှိတယ်။ စပြီး ဒီစကားလေးကို ပြောတဲ့သူကတော့ ရူပဗေဒ သင်တဲ့ဆရာမပေါ့။ "အိမ်မပြန်ရမှာတော့ မပူနဲ့၊ ကမ္ဘာကြီးက လုံးပါတယ်တဲ့။" ကမ္ဘာကြီးကလုံးတော့ အိမ်ကိုတော့ တစ်ချိန်ချိန်ရောက်မှာဘဲတဲ့။ ကားတစ်စီးတားလို့ မရပ်ပြန်ရင် ကမ္ဘာကြီးကလုံးပါတယ် ဆိုတဲ့ စကားလေးကို အချင်းချင်း စနောက်ပြောကြရင်း အိမ်ပြန်ဖို့ ညနေတိုင်းလိုလို ကားစောင့်ကြရတာပေါ့။
တစ်ခါတစ်ခါ ကျောင်းရှေ့ ကားစောင့်လို့မရတဲ့အခါ ကားရပ်တတ်တဲ့နေရာအထိ တစ်ဖွဲ့ကြီး လမ်းလျှောက်ရင်းနဲ့ သွားပြီးစောင့်ကြရတာပေါ့။ လမ်းလျှောက်ရင်းနဲ့ဘဲ နောက်ကနေ ကားများလာခဲ့ရင် မသိလို့ မတားလိုက်မိမှာ စိုးလို့ ရှေ့ကို ကောင်းကောင်းကြည့်ပြီး လမ်းမလျှောက်နိုင်ဘဲ နောက်ပြန်ကြည့်ရတာ အမောပေါ့။ ကံကောင်းတဲ့နေဆိုရင်တော့ အိမ်ကို ပုံမှန်ချိန် ပြန်ရတတ်ပေမယ့် ကားရှားတဲ့နေ့ဘဲဖြစ်ဖြစ်၊ ကားတားရက်နဲ့ ရပ်မပေးလို့ အချိန်တော်တော်ကြာကြာ ကားစောင့်ရတဲ့နေ့မျိုးဆိုရင်တော့ အိမ်ကို ညနေ ၆ နာရီလောက်မှပြန်ရောက်ပါတယ်။ ကျောင်းဆင်းချိန်ကတော့ ညနေ ၄ နာရီပါ။ မြို့နဲ့ကျောင်းနဲ့က ပုံမှန်ကားမောင်းနှုန်းနဲ့ဆို ၃၅မိနစ်လောက်ပဲကြာပါတယ်။ လမ်းမှာ လူ အတက်အဆင်းများရင်တော့ အချိန် မမှန်ဘူးပေါ့။
သဇင်တို့လည်း ဒီကျောင်းကနေ မပြောင်းရမချင်း ရင်မောရတဲ့ ညနေလေးတွေကို ပိုင်ဆိုင်နေရအုန်းမှာပါ။ ဒါပေမယ့် ဒီရင်မောရတဲ့ ညနေလေးတွေက တစ်ချိန်ချိန်မှာ ပြန်ပြောင်း အမှတ်ရစရာလေးတွေ အဖြစ်နဲ့လည်း ကျန်ရှိနေအုန်းမှာပါ။

Monday, 29 November 2010

ရွက်ကြွေချိန်


ရွက်ဝါကြွေကျ၊ နွေကာလ
လွမ်းဆွေးသလို ခံစားရ။
ရော်ရွက်နီတွေ၊ ကြွေကာကျ
ဆောင်းဦးမှာလဲ လွမ်းဆွေးရ။
သို့ပေသော်လည်း...
ရွက်ဝါကြွေမှ နွေအလှ၊
ရွက်နီကြွေမှ ဆောင်းဦးအလှ၊
ပိုမိုပြည့်စုံ လှလှပ။


(မှတ်ချက်။ ။ နွေရာသီ ဓါတ်ပုံ ရှာမတွေ့လို့နော်။)

Sunday, 28 November 2010

သူတို့တွေလည်း လဲတတ်ပါတယ်...

ငယ်ငယ်က သင်ခဲ့ရတဲ့ စာလေးကို ပြန်သတိရမိပါတယ်။

"လဲနေသူ ထူပေးပါ။
အားငယ်သူကို အားပေးပါ။"
တဲ့...။

လောကမှာ အားငယ်သူကို အားပေးရမယ်။ ဖေးမရမယ် ဆိုတာဟာ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတတ်တဲ့ အသိလေးတစ်ခုပါ။ ဒါပေမယ့်လည်းလေ အားမငယ်တတ်တဲ့သူရယ်လို့ မရှိကြပါဘူး။ အားမငယ်အောင်၊ လဲမကျအောင် ကိုယ့်ကိုယ်ကို ထိန်းပြီးနေကြတာပါ။ ဒါပေမယ့် ဒီအချက်ကို သတိမထားမိသူတွေ ရှိတယ်။ အားငယ်သူတွေမှာဘဲ အားငယ်တတ်တာ မဟုတ်ပါဘူး။ အားမငယ်တတ်အောင် နေတတ်သူတွေမှာလည်း အားငယ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ ကြားဖူးတဲ့ စကားလေးလည်းရှိပါတယ်။ လူတစ်ယောက်က သူရဲ့ ပုံစံ၊ အမူအရာက သာမာန်သူတွေထက်ကို ပိုပြီးတင်းလွန်းတာတို့၊ သူပုံစံက ဘာမဆို လုပ်ဆောင်နိုင်တဲ့ ပုံစံမျိုးတို့ ရှိလာခဲ့ရင် သူ့နောက်ကွယ်မှာ အားနည်းချက် တစ်ခုခုကတော့ရှိနေတတ်ပါတယ်တဲ့။ ဒီလိုပုံစံကို ကိုယ်တွေ့ ကြုံဖူးပါတယ်။ အမှန်တကယ်လည်း သူ့မှာ အားငယ်စရာ၊ အားနည်းချက် အကြောင်းအရာ ရှိနေခဲ့ပါတယ်။ အားငယ်သူတွေကို အားပေး၊ လဲနေသူတွေကို ထူပေးကြသလို၊ အားမငယ်တတ်ဖူးလို့ထင်ရသူတွေကို အားမပေးခဲ့ရင်၊ ထူမပေးခဲ့ရင်တောင်မှ ဖြည့်ပြီးတွေးပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေလည်း လဲတတ်ပါတယ်။

Monday, 22 November 2010

လာလည်ကြပါနော်..။

ဘလော့ခ်ဂါ မောင်နှမများအတွက် တန်ဆောင်တိုင် အမှတ်တရ စတုဒီသာဖြင့် တည်ခင်း ဧည့်ခံ လိုက်ပါတယ်။ အားပေး သုံးဆောင် သွားကြပါနော်။
အခါကြီး ရက်ကြီးမှာ သက်သတ်လွတ်စားတတ်ကြတဲ့ မောင်နှမများ အတွက်ရော အဆင်ပြေအောင် အားလုံး အတွက် သက်သတ်လွတ် ကြာဇံကြော်လေးပါ။


ကြာဇံကြော် သုံးဆောင်ပြီးတဲ့အခါ အချိုတည်းဖို့ အတွက် ကျောက်ကျောနဲ့ လက်ဖက်သုပ် စီစဉ် ပေးထားပါတယ်။ အားမနာတမ်း စိတ်ကြိုက် အားပေး သုံးဆောင်ကြပါနော်။





တန်ဆောင်တိုင် အမှတ်တရ
ချင်းတွင်းသူ

Saturday, 20 November 2010

ကျေနပ်နိုင်ပါစေ။

ပန်းလေးတစ်ပွင့် ပန်ဆင်လိုက်လို့
ချီးမွမ်းပြောကြ သူ့အလှ
ကျေနပ်နေမိ ပန်းကလေးက။
ဆားလေးတစ်ပွင့် ထည့်ချက်လိုက်လို့
အရသာရှိလှ ဟင်းတစ်ခွက်ရ
ကျေနပ်နေမိ ဆားကလေးက။
သူတို့တွေလို.....
သူတစ်ပါး ဘ၀အလှ၊ မိမိက
ဖြည့်ပေးလို့လှ၊ ရှိလာက
ထုတ်ဖော်မပြု၊ ချီးမွမ်းမှုကို
ကျေနပ်နိုင်ပါစေ။

Sunday, 10 October 2010

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို...

လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့။ လူတိုင်းလူတိုင်းမှာ ပူပင်မှု၊ တောင်းတမှု လိုအင်ဆန္ဒတွေ က အစဉ်အမြဲ ရှိနေတတ်ပါတယ်။ ပူပင်မှုရှိတိုင်း အေးငြိမ်းဖို့၊ တောင်းတစရာရှိတိုင်း ရရှိဖို့၊ လိုအင်ဆန္ဒတွေ ရှိလာတိုင်း ပြည့်ဝဖို့ဆိုတာတွေ အစဉ်အမြဲဖြစ်နေရင် အကောင်းဆုံးပါ။ ဒါပေမယ့် လိုအပ်တိုင်းလည်း မရနိုင်သလို၊ တောင်းတတိုင်းလည်း ပြည့်ဖို့ ဆိုတာ မဖြစ်နိုင်ပြန်ဘူး။ လိုအင်ဆန္ဒတွေ၊ တောင်းတစရာတွေ ရှိလာတဲ့အခါ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းကလည်း မပြည့်ဝနိုင်ပါဘူး။ ဒါကြောင့် အဆိုတော် စိုးစန္ဒာထွန်းရဲ့ သီချင်းစာသားလေးလိုပါဘဲ..။ "ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်။" ဆုတောင်းတိုင်းသာ ပြည့်ကြမယ် ဆိုရင်ပေါ့လေ....။ :)

Tuesday, 5 October 2010

မြတ်ဆရာ

ငယ်စဉ်ဘ၀၊ ကျောင်းနေစမှ

လူကောင်း၊လူမွန် ဖြစ်စေဖို့ရေး

ဆုံးမသွန်သင်၊ လမ်းပြညွှန်တဲ့

ဆရာသခင်၊ ကျေးဇူးရှင်။

တပည့်များဘ၀၊ မြင့်မားက

ပီတိဖြာကာ၊ ၀မ်းမြောက်စွာနဲ့

ကျေနပ်နေတာ၊ မြတ်ဆရာ။

အားငယ်ချိန်ခါ၊ ရှိပြန်ပါလည်း

ဖေးမကူတာ၊ မြတ်ဆရာ။

ကျေးဇူးကြီးမား၊ မြတ်ဆရာများ၏

ဂုဏ်အင်များစွာ၊ အဖြာဖြာကို

ဂီတ စာပေ၊ ပညာတွေနဲ့

ညွှန်းဆိုပြကာ၊ ဖွဲ့နွဲ့ဆိုလည်း

မှီအံ့မထင်၊ များဂုဏ်အင်။

(ကမ္ဘာ့ဆရာများနေ့ အမှတ်တရ)

Friday, 1 October 2010

အချိန်


အချိန်...

တူညီတဲ့ ပမာဏ၊

စောင့်ရတဲ့ သူအတွက်

ကြာသလောက်၊

မကုန်ဆုံး ချင်တဲ့ သူအတွက်

မြန်လိုက်တာနော်။

Wednesday, 29 September 2010

အားကျမိတယ်

နံနက်စောစော ပြတင်းတံခါးကို ဖွင့်ပြီး အပြင်ဘက်ကို ကြည့်လိုက်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းလေးတွေကြောင့် စိတ်ကြည်နူးမှုတွေ ခံစားရသလို၊ တဆက်ထဲမှာဘဲ အားကျမှုလေးတွေပါ ကပ်ပါလာခဲ့တယ်။

:) ပျော်ပျော်ရွှင်ရွှင် တေးသီနေကြတဲ့ ငှက်ကလေးတွေ

:) လေယူရာတိမ်း ယိမ်းနွဲ့ကနေကြတဲ့ ကောက်ပင်လေးတွေ

:) သစ်ပင်၊ ပန်းမန်လေးတွေကို ကလူကျီစယ်နေတဲ့ လေညှင်းလေးတွေ

:) နေရဲ့ အလင်းရောင် ခေါ်ဆောင်ရာကို မငြီးမငြူလိုက်ပါနေတဲ့ နေကြာပန်းလေးတွေ

:) ပန်းဝတ်ရည်လေးတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ ပျား၊ ပိတုန်းလေးတွေ

:) လေအဝှေ့မှာ ရွေ့နေကြတဲ့ ဖြူလွှလွှ မိုးတိမ်လေးတွေ

:) ပြီးတော့ နံနက်စောစောမှာ အပူအပင်ကင်းစွာ ပြေးလွှား ဆော့ကစားနေကြတဲ့ ကလေးငယ်လေးတွေ

ဒီမြင်ကွင်းလေးတွေကြောင့် စိတ်ကြည်နူးရသလို အပူအပင်ကင်းစွာနဲ့ လွတ်လပ်ပျော်ရွှင် အေးချမ်း နေကြတဲ့ သူတို့တွေရဲ့ ဘ၀လေးတွေကို အားကျနေမိပါတယ်။

(မှတ်ချက်။ ။ စာလုပ်စရာရှိတွေပြီး မလုပ်ဖြစ်ဘဲ စာတွေပိပြီး စိတ်တွေရှုပ်နေလို့ပါဗျိုးးးးးးး။ :) )

Saturday, 25 September 2010

ကျွန်မ ဘဝ အတွက် အားဖြစ်စေခဲ့သော သူတို့ရဲ့ စကားလေးများ

အခု ကျွန်မ ရေးထားတဲ့ စာတွေကတော့ ကျွန်မဘဝ အတွက် ခွန်အားတွေ၊ အင်အားတွေ ဖြစ်စေခဲ့တဲ့ စကားလုံးလေးတွေပါ။ ကျွန်မ အားငယ်တဲ့ အချိန်မှာဘဲ ဖြစ်ဖြစ်၊ စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ တွေ့ကြုံရတဲ့ အခါမှာဘဲ ဖြစ်ဖြစ် ဒီစကားလေးတွေကို ပြန်လည်ကြားယောင်ရင်း အားအင်တွေ ပြည့်ဝပြီး၊ ခွန်အားတွေ ဖြစ်ခဲ့ရပါတယ်။

"သမီးကြီး....ဘဝ အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ရတဲ့ အခါ ဆုံးဖြတ်ချက် မှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချဖို့ အတွက်လည်း သတိတရား လက်ကိုင်ထားပါ။ ရတနာသုံးပါးနဲ့ အနန္တော အနန္တ ငါးပါးကို အမြဲ ဦးထိပ်ထားပါ။လေ့လာရမယ့် စာပေကို ကြိုးစားလေ့လာပြီး၊ ပြန်လည် အသုံးချနိုင်အောင် ကြိုးစားပါ။" လို့ ဆိုတဲ့ ဖေဖေရဲ့ စကားလေးတွေ...

"လူမှုရေးမှာ အဆင်ပြေအောင်နေပါ။ အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေပါ။ ဗုဒ္ဓဆိုတာကို ရင်ထဲမှာ ကြည်ညိုလေးစားမှု သန္ဓေတည်ပြီး ရှိပါစေ။ အချိန်အားရတိုင်း ဘုရားစာ ရွတ်ပါ။ ပညာရေးမှာ ထူးချွန်အောင် ကြိုးစားပါ။ "လို့ အမြဲပြောတတ်တဲ့ မေမေရဲ့ ဆုံးမစကားလေးတွေ...

သူများတွေ အတွက် အမြဲ တွေးတော ပူပန်တတ်တဲ့ ကျွန်မအတွက် ညီမလေးက " တစ်ချို့ ကိစ္စတွေမှာ သူတို့ကို ကူညီတာထက် သူတို့ ဘာသာ လုပ်ဆောင်စေတာက သူတို့ကို ကူညီရာ ပိုရောက်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် လို့ "ပြောခဲ့ဖူးတယ်။ မောင်လေးတွေကတော့ "မမကြီးက စံပြဖြစ်အောင် ကြိုးစားပြနော်"တဲ့။

နောက်တစ်ခုကတော့ ကျွန်မရဲ့ အစ်ကိုရင်းတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ အစ်ကိုတစ်ယောက် က ကျွန်မ အဝေးမှာ ပညာသင်နေချိန် အမြဲမှာလေ့ရှိတဲ့ စကားလေးပါ.." စာကိုကြိုးစားပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ ဘုရား၊တရား ကိုလည်းမမေ့နဲ့ "တဲ့....။

ကျွန်မ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်တုန်းက ကျွန်မ သူငယ်ချင်း ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်လည်း အားတက်ခဲ့ရပါတယ်။ ကျွန်မက ဆယ်တန်းအောင်စဉ်က အမှတ်နည်းခဲ့တော့ ငယ်ငယ်ကတည်းက အတူပေါင်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အတူ ဆေး၊ စက်မှု တက်ခွင့်မရခဲ့ပါဘူး။ ကျွန်မ တစ်ယောက်ထဲ ရိုးရိုးမေဂျာရတာဆိုပြီး အားငယ်ချိန်မှာ သူငယ်ချင်းက "ဘယ်နေရာမှာဘဲရောက်ရောက် ကိုယ်ရောက်တဲ့နေရာမှာ ထိပ်ဆုံးက ရှိနေအောင် ကြိုးစားပါတဲ့။ "ယခုထိလည်း ကြားယောင်နေဆဲပါ။

သူငယ်ချင်းတွေ အပေါ်မှာ သံယောဇဉ်ကြီးပြီး ပူပန်တတ်တဲ့ ကျွန်မကို အမြဲ သတိပေးတတ်တဲ့ နောက်သူငယ်ချင်းလေးတစ်ယောက်ကတော့ "သူများတွေ အတွက် သိပ်ပြီး စိတ်မပူနဲ့တဲ့၊ ကိုယ်စိတ်ပူနေတော့ ကိုယ်ဘဲ ပင်ပန်းတာတဲ့။ စိတ်ကို သူများအတွက် တအားနှစ်မထားဘဲ နေတတ်အောင်နေပါ။ တစ်ခါတစ်လေ ဥပက္ခာပြုသင့်တာကို ဥပက္ခာပြုတတ်ရတယ် ။ မြတ်စွာဘုရားက ဘာဖြစ်လို့ အားလုံးကို မကယ်တင်ခဲ့တာလဲ ။"တဲ့..
"( ကျွန်မက ဘာပဲဖြစ်ဖြစ် အရမ်းပူပန်တတ်လို့လေ :) )

ကျွန်မ ငယ်ငယ်ကနေ ယခုထိ ပညာသင်ခဲ့ချိန်မှာ ပြောဆို ဆုံးမခဲ့တဲ့ ဆရာ၊ဆရာမတွေရဲ့"ဘယ်နေရာရောက်ရောက် စည်းကမ်းရှိဖို့၊ အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ ပညာကို ကြိုးစားသင်ယူဖို့" ဆိုတဲ့စကားတွေကလည်း အားအင်တွေ ဖြစ်စေခဲ့ပါတယ်။

ကျွန်မ ဘဝအတွက် စိတ်ခွန်အားတွေ ရခဲ့တာတွေဟာ မိဘ၊ မောင်နှမတွေ၊ ဆရာ၊ဆရာမတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောဆို ဆုံးမ၊ အကြံဥာဏ်ပေးခဲ့တဲ့ စကားလေးတွေကြောင့် ဖြစ်ပါတယ်။

ဒီပို့စ်လေးကတော့ အားလုံးရဲ့ ကျေးဇူးကို သတိရ၊ အောက်မေ့ပြီး မွေးနေ့ အမှတ်တရ အဖြစ်ရေးသားခြင်းဖြစ်ပါတယ်။