Wednesday, 29 September 2010

အားကျမိတယ်

နံနက်စောစော ပြတင်းတံခါးကို ဖွင့်ပြီး အပြင်ဘက်ကို ကြည့်လိုက်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းလေးတွေကြောင့် စိတ်ကြည်နူးမှုတွေ ခံစားရသလို၊ တဆက်ထဲမှာဘဲ အားကျမှုလေးတွေပါ ကပ်ပါလာခဲ့တယ်။

:) ပျော်ပျော်ရွှင်ရွှင် တေးသီနေကြတဲ့ ငှက်ကလေးတွေ

:) လေယူရာတိမ်း ယိမ်းနွဲ့ကနေကြတဲ့ ကောက်ပင်လေးတွေ

:) သစ်ပင်၊ ပန်းမန်လေးတွေကို ကလူကျီစယ်နေတဲ့ လေညှင်းလေးတွေ

:) နေရဲ့ အလင်းရောင် ခေါ်ဆောင်ရာကို မငြီးမငြူလိုက်ပါနေတဲ့ နေကြာပန်းလေးတွေ

:) ပန်းဝတ်ရည်လေးတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ ပျား၊ ပိတုန်းလေးတွေ

:) လေအဝှေ့မှာ ရွေ့နေကြတဲ့ ဖြူလွှလွှ မိုးတိမ်လေးတွေ

:) ပြီးတော့ နံနက်စောစောမှာ အပူအပင်ကင်းစွာ ပြေးလွှား ဆော့ကစားနေကြတဲ့ ကလေးငယ်လေးတွေ

ဒီမြင်ကွင်းလေးတွေကြောင့် စိတ်ကြည်နူးရသလို အပူအပင်ကင်းစွာနဲ့ လွတ်လပ်ပျော်ရွှင် အေးချမ်း နေကြတဲ့ သူတို့တွေရဲ့ ဘ၀လေးတွေကို အားကျနေမိပါတယ်။

(မှတ်ချက်။ ။ စာလုပ်စရာရှိတွေပြီး မလုပ်ဖြစ်ဘဲ စာတွေပိပြီး စိတ်တွေရှုပ်နေလို့ပါဗျိုးးးးးးး။ :) )

Saturday, 25 September 2010

ကျွန်မ ဘဝ အတွက် အားဖြစ်စေခဲ့သော သူတို့ရဲ့ စကားလေးများ

အခု ကျွန်မ ရေးထားတဲ့ စာတွေကတော့ ကျွန်မဘဝ အတွက် ခွန်အားတွေ၊ အင်အားတွေ ဖြစ်စေခဲ့တဲ့ စကားလုံးလေးတွေပါ။ ကျွန်မ အားငယ်တဲ့ အချိန်မှာဘဲ ဖြစ်ဖြစ်၊ စိတ်ရှုပ်စရာတွေ၊ စိတ်ညစ်စရာတွေ တွေ့ကြုံရတဲ့ အခါမှာဘဲ ဖြစ်ဖြစ် ဒီစကားလေးတွေကို ပြန်လည်ကြားယောင်ရင်း အားအင်တွေ ပြည့်ဝပြီး၊ ခွန်အားတွေ ဖြစ်ခဲ့ရပါတယ်။

"သမီးကြီး....ဘဝ အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ရတဲ့ အခါ ဆုံးဖြတ်ချက် မှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချဖို့ အတွက်လည်း သတိတရား လက်ကိုင်ထားပါ။ ရတနာသုံးပါးနဲ့ အနန္တော အနန္တ ငါးပါးကို အမြဲ ဦးထိပ်ထားပါ။လေ့လာရမယ့် စာပေကို ကြိုးစားလေ့လာပြီး၊ ပြန်လည် အသုံးချနိုင်အောင် ကြိုးစားပါ။" လို့ ဆိုတဲ့ ဖေဖေရဲ့ စကားလေးတွေ...

"လူမှုရေးမှာ အဆင်ပြေအောင်နေပါ။ အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေပါ။ ဗုဒ္ဓဆိုတာကို ရင်ထဲမှာ ကြည်ညိုလေးစားမှု သန္ဓေတည်ပြီး ရှိပါစေ။ အချိန်အားရတိုင်း ဘုရားစာ ရွတ်ပါ။ ပညာရေးမှာ ထူးချွန်အောင် ကြိုးစားပါ။ "လို့ အမြဲပြောတတ်တဲ့ မေမေရဲ့ ဆုံးမစကားလေးတွေ...

သူများတွေ အတွက် အမြဲ တွေးတော ပူပန်တတ်တဲ့ ကျွန်မအတွက် ညီမလေးက " တစ်ချို့ ကိစ္စတွေမှာ သူတို့ကို ကူညီတာထက် သူတို့ ဘာသာ လုပ်ဆောင်စေတာက သူတို့ကို ကူညီရာ ပိုရောက်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ် လို့ "ပြောခဲ့ဖူးတယ်။ မောင်လေးတွေကတော့ "မမကြီးက စံပြဖြစ်အောင် ကြိုးစားပြနော်"တဲ့။

နောက်တစ်ခုကတော့ ကျွန်မရဲ့ အစ်ကိုရင်းတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ အစ်ကိုတစ်ယောက် က ကျွန်မ အဝေးမှာ ပညာသင်နေချိန် အမြဲမှာလေ့ရှိတဲ့ စကားလေးပါ.." စာကိုကြိုးစားပါ။ ကျန်းမာရေး ဂရုစိုက်ပါ။ ဘုရား၊တရား ကိုလည်းမမေ့နဲ့ "တဲ့....။

ကျွန်မ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်တုန်းက ကျွန်မ သူငယ်ချင်း ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့်လည်း အားတက်ခဲ့ရပါတယ်။ ကျွန်မက ဆယ်တန်းအောင်စဉ်က အမှတ်နည်းခဲ့တော့ ငယ်ငယ်ကတည်းက အတူပေါင်းခဲ့တဲ့ သူငယ်ချင်းတွေနဲ့ အတူ ဆေး၊ စက်မှု တက်ခွင့်မရခဲ့ပါဘူး။ ကျွန်မ တစ်ယောက်ထဲ ရိုးရိုးမေဂျာရတာဆိုပြီး အားငယ်ချိန်မှာ သူငယ်ချင်းက "ဘယ်နေရာမှာဘဲရောက်ရောက် ကိုယ်ရောက်တဲ့နေရာမှာ ထိပ်ဆုံးက ရှိနေအောင် ကြိုးစားပါတဲ့။ "ယခုထိလည်း ကြားယောင်နေဆဲပါ။

သူငယ်ချင်းတွေ အပေါ်မှာ သံယောဇဉ်ကြီးပြီး ပူပန်တတ်တဲ့ ကျွန်မကို အမြဲ သတိပေးတတ်တဲ့ နောက်သူငယ်ချင်းလေးတစ်ယောက်ကတော့ "သူများတွေ အတွက် သိပ်ပြီး စိတ်မပူနဲ့တဲ့၊ ကိုယ်စိတ်ပူနေတော့ ကိုယ်ဘဲ ပင်ပန်းတာတဲ့။ စိတ်ကို သူများအတွက် တအားနှစ်မထားဘဲ နေတတ်အောင်နေပါ။ တစ်ခါတစ်လေ ဥပက္ခာပြုသင့်တာကို ဥပက္ခာပြုတတ်ရတယ် ။ မြတ်စွာဘုရားက ဘာဖြစ်လို့ အားလုံးကို မကယ်တင်ခဲ့တာလဲ ။"တဲ့..
"( ကျွန်မက ဘာပဲဖြစ်ဖြစ် အရမ်းပူပန်တတ်လို့လေ :) )

ကျွန်မ ငယ်ငယ်ကနေ ယခုထိ ပညာသင်ခဲ့ချိန်မှာ ပြောဆို ဆုံးမခဲ့တဲ့ ဆရာ၊ဆရာမတွေရဲ့"ဘယ်နေရာရောက်ရောက် စည်းကမ်းရှိဖို့၊ အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ ပညာကို ကြိုးစားသင်ယူဖို့" ဆိုတဲ့စကားတွေကလည်း အားအင်တွေ ဖြစ်စေခဲ့ပါတယ်။

ကျွန်မ ဘဝအတွက် စိတ်ခွန်အားတွေ ရခဲ့တာတွေဟာ မိဘ၊ မောင်နှမတွေ၊ ဆရာ၊ဆရာမတွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောဆို ဆုံးမ၊ အကြံဥာဏ်ပေးခဲ့တဲ့ စကားလေးတွေကြောင့် ဖြစ်ပါတယ်။

ဒီပို့စ်လေးကတော့ အားလုံးရဲ့ ကျေးဇူးကို သတိရ၊ အောက်မေ့ပြီး မွေးနေ့ အမှတ်တရ အဖြစ်ရေးသားခြင်းဖြစ်ပါတယ်။

Wednesday, 15 September 2010

ခံစားကြည့်ပါ :)

အချစ်ဆိုတာ ဘာကို ဆိုလိုတာလဲ...???။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုတာ ဘယ်လို ပုံစံမျိုးလဲ...???။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလား.. ???။ ပေးဆပ်ခြင်းလား.. ???။ ဒါမှ မဟုတ် အချစ်ဆိုတာ မျှဝေခံစားခြင်းလား.. ???။ စိုးစိုး တစ်ယောက် ရင်ထဲမှာ လဲပေါင်းများစွာ၊ လားပေါင်းများစွာသော မေးခွန်းတွေနဲ့ မွန်းကျပ်၊ ပြည့်နှက်နေခဲ့တယ် ။ ဒါပေမယ့် ရေရာ တိကျတဲ့ အဖြေ တစ်ခု အခုထိ ထွက်မလာသေးဘူး။

အချစ်ဆိုတာကို စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ တွေ က အမျိုးမျိုးဖွဲ့ဆို ကြတာတွေကို ဖတ်ဖူး၊ ကြားဖူးနေပေမယ့် ကိုယ်ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ ကြုံလာတော့ သူတို့တွေ ဖွဲ့ဆိုကြသလို ကောင်းတဲ့ အရာတွေ အားလုံး ဖြစ်နိုင်ပါ့မလား၊ ဆိုးတဲ့ အချက်တွေ ကရော လက်တွေ့မှာ အဲလောက်တောင်ဆိုးလား ဆိုတာတွေကို တွေးကြည့်ရင်းနဲ့ ရင်မောနေမိတယ်။

သြော်... မိန်းကလေး တစ်ယောက်ကို ချစ်မိတာ ဒုက္ခကို မွေးယူသလိုများ ဖြစ်နေပြီလားလို့ တွေးနေမိတယ်။ ချစ်မိရုံဘဲ ရှိသေးတယ်။ ဖွင့်တောင် မပြောရသေးဘူး။ ဖွင့်ပြောလိုက်ရင် ဘာတွေ ဖြစ်လာမလဲ မတွေးရဲလို့ တစ်ယောက်ထဲ ကြိတ်ပြီးခံစားနေရတဲ့ ရက်တွေကလည်း မနည်းတော့ဘူး။ အချစ်ဆိုတာ ချိုမြိန်တဲ့ အသီးတစ်လုံး မဟုတ်သလို၊ ခါးသက်တဲ့ အသီးလည်း မဟုတ်ဖူးလို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ခံစားကြည့်မှ အရသာ ကို ပိုပြီးသိရမယ်လို့ ပြောကြတယ်။

ကဲ...ဒီနေ့တော့ စိုးစိုးတစ်ယောက် အားတွေမွေးပြီး အချစ်ဆိုတာ ဘယ်လို အရသာရှိမလဲ ဆိုတာ မြည်းစမ်းခွင့်ရဖို့ သူချစ်တဲ့ကောင်မလေး ရှိရာကို လာခဲ့ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ မျက်နှာကို မြင်ရုံဘဲရှိသေးတယ်.. ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေသလား ထင်မှတ်ရအောင်ကို ရင်ခုန်သံတွေ မြန်နေတယ်ဗျာ။ ရင်ခုန်သံတွေ ငြိမ်အောင်ထိန်းရင်းနဲ့ဘဲ ချစ်တဲ့သူရှိရာကို မ၀ံ့မရဲ လှမ်းလာခဲ့ပါတယ်။ အနားရောက်တော့လေ ရင်ခုန်သံတွေ မြန်လွန်းလို့ ပြောရမယ့် စကားတွေကို မနည်း ပြန်စဉ်းစားရတယ်။ အိမ်တုန်းက ကဗျာတွေ၊ စာတွေဖတ်ပြီ စီထားတဲ့ ပြောရမယ့် အနုအလှ စကားလုံးတွေ ဘယ်ပျောက်ကုန်လဲ မသိဘူး။ ဒါနဲ့ စဉ်းစားလို့ရတဲ့ စကားဘဲ ပြောလိုက်တယ်။ "မင်းကို အရမ်းချစ်တယ်" လို့။ ချစ်သူကလည်း ပြန်ဖြေဖို့ စဉ်းစားထားပုံရပါတယ်။ ချက်ချင်းဘဲ ပြန်ပြောတယ်ဗျာ။ "ပါးကျိုးသွားမယ်။ ဘာမှတ်နေလဲ။" တဲ့ဗျာ။ သူလည်း စာတွေ တော်တော်ဖတ်ပြီး စကားလုံးတွေ ရှာထားပုံပါဘဲ။ သူအဲလို ပြန်ဖြေလိုက်တဲ့ အချိန်မှာ ရင်ဘတ်ထဲကို အောင့်နေအောင် ခံစားလိုက်ရတယ်။ ကိုယ်က အရမ်းချစ်နေမိတဲ့ သူဆိုတော့လေ။ ဒါကတော့ ချစ်မိတဲ့ အတွက် ခံစားလိုက်ရတဲ့ ခါးသက်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ် ဘယ်လို ခံစားမှုတွေ ရလာအုန်းမလဲ ဆိုတာ တွေးနေမိတယ်ဗျာ။ အဲလိုတွေးနေရင်းနဲ့ နောက်ထပ် အတွေးတစ်ခု ၀င်လာတယ်။ ချိုတာတွေများရင် တခါတရံ ခါးသက်တတ်တယ်။ (ဆေးသကြားတွေများရင် ခါးတတ်တာ သတိရမိလို့ပါ။) ဒါကြောင့် ပြောင်းပြန် ပြန်စဉ်းစားမိတယ်။ ခါးတာတွေများရင် ချိုလာ မလားလို့ ပေါ့ဗျာ။.......

" ဖေဖေရေ... ဖေဖေ ၊ မေမေက ညနေစာ စားရအောင်တဲ့။" ချစ်စရာ သားငယ်လေးရဲ့ အသံပေါ့ဗျာ။ သားငယ်အသံကြားမှ အတွေးနယ်ချဲ့နေရာမှ အသိဝင်လာတယ်ဗျာ။ ဒါကတော့ ခါးသက်မှုတွေ ခံစားပြီးတဲ့နောက် ရလာတဲ့ ချိုမြိန်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ်လည်း ချိုမြိန်မှုတွေလည်း ရှိသေးတယ်ဗျ။ သြော် ပြောဖို့မေ့နေတာ။ သားလေးခေါ်တဲ့ မေမေ ဆိုတာက ကျွန်တော် မောင်စိုးစိုး ချစ်ခဲ့ရတဲ့ ချစ်သူလေးပေါ့ဗျာ။ အခုတော့ အချစ်ဆိုတာ ခံစားဖူးမှ ပိုသိတယ် ဆိုတဲ့ သူငယ်ချင်းတွေ ပြောခဲ့တဲ့ စကားတွေ ကိုလည်း ပြန်သတိရမိနေတယ်။ နောက်ထပ် ဘယ်လိုခံစားမှုတွေဘဲ ဖြစ်ဖြစ် ခံစားပြီး ငြိမ်းချမ်းတဲ့ မိသားစု ဘ၀လေးတည်ဆောက်ပြီး ပျော်ရွှင်စွာ ဖြတ်သန်း အုန်းမှာပါဗျာ။

စာဖတ်သူတွေလည်း အချစ်ဆိုတာကို ဘယ်လို ခံစားဖူးလဲ။ ဘယ်လို မြင်ကြလဲဗျာ။ မခံစားဖူးသေးရင်တော့ တွေဝေ စဉ်းစား မနေကြဘဲ ကျွန်တော်လိုဘဲ ခံစားကြည့်လိုက်ပေါ့ဗျာ :)။

Friday, 10 September 2010

တမ်းတဖော်

အားငယ်ချိန်ခါ၊ အောက်မေ့ကာ

ပျော်ချိန်မှာလည်း၊ သတိရတာ

အချိန်ရှိတိုင်းမှာ၊ လွမ်းနေတာ

ကြည်နူးချိန်မှာ၊ မျှဝေချင်တာ

အခက်ကြုံတဲ့ခါ၊ ရှိစေချင်တာ

ကိုယ့်ဘ၀ရဲ့ တမ်းတဖော်လေးပါ။

Tuesday, 7 September 2010

ကျေးဇူးတင်လွှာ...

နွေရာသီကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေစု ပြီး သူငယ်ချင်းတွေရှိတဲ့ မြို့တွေကို အလည် သွားခဲ့ပါတယ်။ တစ်ယောက်တစ်နေရာဆီမှာ နေကြတဲ့အတွက် တွေ့ဆုံဖို့ မလွယ်ကြပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေ လည်း ဆုံဆည်းရအောင်ရယ်၊ တစ်ခြားမြို့တွေကို လည်း အလည်ရောက်ဖူးအောင် နွေရာသီ အလည်ခရီးထွက်ခဲ့ပါတယ်။ ဟီရိုရှီးမား၊ ဖူကူအိုကာနဲ့ နာဂါဆာကီကို သွားခဲ့ပါတယ်။ သွားခဲ့တဲ့ မြို့တွေက သူငယ်ချင်းတွေက နေရေး၊ စားရေးကို အစစအရာ လိုလေသေးမရှိအောင် လုပ်ဆောင်ပေးကြပါတယ်။ အရသာရှိတဲ့ မြန်မာ ဟင်းလျာတွေကိုလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးကြပါတယ်။ အခုလို သူများနိုင်ငံမှာ မြန်မာတွေရဲ့ နွေးထွေးပြီး ရင်းနှီးဖော်ရွေတဲ့ စိတ်ဓါတ်လေးတွေနဲ့ ပျူငှာစွာဆက်ဆံမှုလေးတွေ ကို ခံစားလိုက်ရတဲ့ အခါ အတိုင်းမသိ ကြည်နူးပီတိ ဖြစ်မိပါတယ်။ ဒါကြောင့် အစစအရာရာ ကူညီပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်းကို ဒီပို့စ်လေးကနေတဆင့် ပြောပြလိုက်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဒါ့အပြင် ခရီးထွက်တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် မလိုက်ပါနိုင်တဲ့ သူငယ်ချင်းတွေ ကလည်း မလိုက်နိုင်ပေမယ့် ခရီးသွားတဲ့ သူငယ်ချင်းအားလုံး အဆင်ပြေအောင် ၀ိုင်းဝန်း ဆုတောင်းပေးကြလို့ သူငယ်ချင်း အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သူငယ်ချင်းတွေ ပို့သတဲ့ မေတ္တာတွေကြောင့် ခရီးလမ်းလည်း အစစအရာရာ အဆင်ပြေခဲ့ပါတယ်။

ဟီရိုရှီးမား တွင် သူငယ်ချင်းများနဲ့ အတူ




ဖူကူအိုကာ သူငယ်ချင်းများ အိမ်မှာ အမှတ်တရ




နာဂါဆာကီ အိမ်မှာ ပျော်ရွှင်စွာ

အားလုံးကို အထူးကျေးဇူးတင်လျှက်....... ချင်းတွင်းသူ

Wednesday, 4 August 2010

အပြုံးကြွယ်မယ်၊ ခရီးသည်

လူသားတွေအားလုံးဟာ ဘဝသံသရာရထားကြီးကို စီးရင်း လိုရာခရီးကို

ရောက်အောင် လျှောက်လှမ်း နေကြရတဲ့ ခရီးသည်တွေပါ…။

ဒီရထားကြီးပေါ်မှာလည်း စီးနင်းလိုက်ပါ လာသူတွေကလည်း

အရွယ်စုံ၊ လူမျိုးစုံတွေဖြစ်ပါတယ်။ ဒါ့အပြင် ရည်ရွယ်ချက်တွေကလည်း

အမျိုးစုံပါဘဲ။ ဒါပေမယ့်လည်း တူညီတဲ့ အချက်တစ်ခုကတော

မိမိတို့ရည်မှန်းထားတဲ့ ပန်းတိုင်ကို ပျော်ရွင်အေးချမ်းစွာနဲ့

ရောက်ရှိလိုတဲ့ ဆန္ဒလေးဘဲ ဖြစ်ပါတယ်။

ရထားစီးရင်း ခရီးသွားကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်နှီးလာကြ၊

မိတ်ဆွေတွေဖြစ်လာကြပါတယ်။ ခရီးလမ်း တစ်လျှောက်မှာလည်း

တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီ ကြပါတယ်။ အခက်အခဲတွေ ရှိလာပြန်လည်း

ခရီးသွားဖော်ချင်း ဝိုင်းဝန်းဖြေရှင်း ပေးကြပါတယ်။ ဒါတွေဟာ ဘယ်လိုမှ

ပြောင်းလဲလို့မရတဲ့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့

ဓလေ့စရိုက်လေးတွေဘဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ဘဲ လိုရာခရီးကိုရောက်ဖို့

သံသရာရထားကြီးကို စီးပြီး ခရီးသွား နေကြရပါတယ်။ ဒီလိုခရီးသွားရင်းနဲ့ဘဲ

လိုရာခရီးကိုရောက်လို့ မိမိတို့နဲ့ သက်ဆိုင်ရာ ဘူတာတွေမှာ ဆင်းပြီးနေခဲ့

ကြသူတွေလည်း ရှိပါတယ်။ အဲဒီအခါမှာကျန်ခဲ့တဲ့သူတွေက ဝမ်းနည်းရသလို၊

ချန်ထားခဲ့ရသူရဲ့ ရင်ထဲမှာလည်းကြေကွဲမှုတွေ ခံစားရပါတယ်။ အတူနေပြီး

ခရီးသွားနေစဉ်မှာ ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ နေခဲ့ကြတဲ့အချိန်တွေ ရှိသလို၊

စိတ်သဘောထား မတိုက်ဆိုင်လို့ အမုန်းတရားတွေ ဖြစ်လာတွေသူတွေလည်း

ရှိကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ကြတာ

သဘာဝဘဲ ဖြစ်ပါတယ်။ အမြင်ကြည်လင်ပြီး ချစ်ခင်နေကြတဲ့

အချိန်ကလေးကတော့ ဘယ်လိုလူမျိုးအတွက် မဆို မင်္ဂလာရှိပြီး

ပျော်စရာကောင်းတဲ့ အချိန်လေးဖြစ်ပါတယ်။ တစ်ခရီးထဲမှာ

အတူသွားကြတဲ့ ခရီးဖော်အချင်းချင်း မေတ္တာစိတ်ထားပြီး ပျော်ရွှင်စွာနဲ့

နေထိုင်သူတွေလည်း ရှိပါတယ်။ ဒေါသ မာန်မာန တွေ ထားတတ်တဲ့

သူတွေလည်း ရှိတတ်ပါတယ်။ ခရီးသွားဖော် အချင်းချင်း တစ်ဦးနဲ့တစ်ဦး

ညှိယူပြီး နားလည်မှုလေးတွေနဲ့ နေနိုင်ကြရင် အကောင်းဆုံး ဖြစ်ပါတယ်။

ခရီးသည်များ အားလုံး ကလည်း ဒီဘဝသံသရာ ရထားကြီးကို

စီးပြီး လိုရာ ခရီးကို ဆက်လက် လျှောက်လှမ်း နေကြမှာ ဖြစ်သလို

ဘ၀သံသရာ ဆိုတဲ့ ရထားကြီးကလည်း ခုတ်မောင်းမြဲ ခုတ်မောင်း

နေအုန်းမှာဘဲ ဖြစ်ပါတယ်။ တစ်ခရီးတည်းသွား ခရီးသည် တွေ မို့ ဒီလို

တွေ့ကြ ဆုံခိုက် တခဏလေးမှာ အမုန်းတွေ ဖယ်ပြီး အပြုံးကြွယ်

ကြရအောင် ပါ…။

Wednesday, 28 July 2010

သြော်..... အချိန်ရဲ့ ပြောင်းလဲခြင်း

အရာရာတိုင်းက အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်ရဲ့ နွေရာသီ ပွဲတော်တွေ ထဲက ထင်ရှားတဲ့

ပွဲတော် တစ်ခု ဖြစ်တဲ့ tenjin ပွဲတော်ကို သွားခဲ့ပါတယ်။ ဒီပို့စ်လေးကတော့

ပွဲတော်က အပြန်ရခဲ့တဲ့ ပို့စ်လေးပါ။ ပွဲတော် ကျင်းပရာ နေရာက

osaka castle နဲ့နီးပါတယ်။ sakura no miya လို့ခေါ်တဲ့ နေရာ

အနီးတ၀ိုက် မှာပါ။ အဲဒီနားမှာ မြစ်လေးရှိပါတယ်။ မြစ်ရဲ့ ကမ်းနဘေး

တစ်ဖက် တစ်ချက်မှာ sakura (ချယ်ရီ)ပင်တွေ ရှိပါတယ်။

ဒီပွဲတော်မှာ မီးပန်းလွှတ်ပွဲ ပါတယ်။ လူတွေက မြစ်ထဲမှာ

လှည့်လည်သွားလာနေတဲ့ ပွဲတော်အတွက် စီမံထားတဲ့ လှေ တွေ

သွားလာတာကို ကြည့်ရင်း မီးပန်းလွှတ်တာကို စောင့်ကြည့်ကြပါတယ်။

ချယ်ရီပန်းတွေ ပွင့်ချိန်မှာ ဟနမိ ဆိုပြီး ချယ်ရီပန်းတွေ ကို

အမြတ်တနိုးနဲ့ လာကြည့်ကြတုန်းကလည်း ဒီနေရာလေးက နာမည်ကြီးတဲ့

နေရာထဲမှာ တစ်ခု အပါအ၀င်ပါ။ အဲဒီ အချိန်တုန်းကလည်း ချယ်ရီပန်းတွေ၊

ချယ်ရီပင်တွေ က အမြတ်တနိုးနဲ့ တန်ဖိုးထားခံရတာပါ။ ဒါပေမယ့် အခု

ဟနဘိလို့ခေါ်တဲ့ မီးပန်းလွှတ်ပွဲ ကျင်းပချိန်မှာတော့ မြတ်နိုးစရာ

ချယ်ရီပန်းပွင့်လေးတွေ မရှိတော့ သလို မီးပန်းလွှတ်တာကို

မြစ်ကမ်းဘေးက ကြည့်တဲ့ အခါ ချယ်ရီပင်တွေကြောင့်

ရှင်းရှင်းလင်းလင်း မမြင်ရပြန်ပါဘူး။ ဒါကြောင့် တစ်ချိန်က

မြတ်နိုးခြင်းခံခဲ့ရတဲ့ ချယ်ရီပင်လေးတွေက အပြစ်မြင်ခံရ ပြန်တယ်။

သြော် အချိန်ရဲ့ ပြောင်းလဲ ခြင်းကြောင့် အပြောင်းအလဲ တွေ

အမျိုးမျိုးဖြစ်လာ နိုင်ပါလားလို့ အတွေးဝင်လာရပါတယ်။

ချယ်ရီပင်လေးတွေ သာမက လူတွေလည်း အချိန်တွေကြောင့်

အမျိုးမျိုးပြောင်းလဲ လာနိုင်ပါတယ်။ ပြောင်းလဲမှုတိုင်းကို

ကြံ့ကြံ့ခံနိုင်အောင် အခု အချိန်က စပြီး ကြိုးစားကြရအောင်ပါ။

မှတ်ချက်။ ။ ပွဲတော် အကြောင်းအရာ ဖော်ပြတဲ့ အချက်အလက်

မှားရင် ခွင့်လွတ်ကြပါ။ ပြင်ပေးခဲ့ကြပါနော်။