Sunday, 16 January 2011

မဆုံတဲ့ ဖူးစာ

ဒီနေ့ စနေနေ့ အလုပ်ပိတ်ရက်လည်းဖြစ်၊ တခြား အထွေအထူးလည်း လုပ်စရာ မရှိတာနဲ့ စာအုပ်စင်ကလည်းရှုပ်နေလို့ ရှင်းနေမိပါတယ်။ ကျွန်မရော ဖေဖေ၊ မေမေ ပါ စာဖတ် ၀ါသနာ ပါကြပါတယ်။ စာအုပ်စင်ရှင်းရင်းနဲ့ စာအုပ်တစ်အုပ်ကို တွေ့မိတဲ့ အချိန်မှာ အတိတ်ရဲ့ အရိပ်တွေ ထင်ဟပ်လာပြီး ဒီစာအုပ်လေးနဲ့ ပတ်သက်တဲ့ သူအကြောင်းလေး တွေးနေမိပါတယ်။

သူဆိုတာကတော့ ကျွန်မနဲ့ တစ်ချိန်က ပတ်သက်ခဲ့သူပေါ့။ ပြောရမယ့်ဆိုရင်တော့ တစ်ချိန်က ကျွန်မရဲ့ ချစ်သူပေါ့။ သူနဲ့ ကျွန်မက ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ နားလည်မှု ကိုယ်စီနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူငယ်ချင်းဘ၀မှာ ကတည်းက ကျွန်မက သူ့ကို အစစအရာရာ နားလည်ပေးခဲ့ သလို သူကလည်း ဘာအကြောင်းဘဲ ဖြစ်ဖြစ် ကျွန်မကို အမြဲတိုင်ပင်ပါတယ်။ သူငယ်ချင်းလိုဘဲ နေလာရင်းနဲ့ ကျောင်းပြီးလို့ အလုပ် ကိုယ်စီ ဖြစ်လာချိန်မှာတော့ ကျွန်မတို့နှစ်ယောက် တစ်နေရာစီ ဖြစ်သွားခဲ့ပါတယ်။ လူက တစ်နေရာစီဖြစ်သလို အဆက်အသွယ်လည်း သိပ်မရခဲ့ပါဘူး။ တစ်နှစ် တခါ လောက်ပဲ ပြန်ဆုံဖြစ်ကြပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ အမြဲရှိပြီး စိတ်ချင်းနီးနေကြပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒီစာအုပ်လေးကတော့ ချစ်သူ ဖြစ်တဲ့ အထိမ်းအမှတ်နဲ့ သူပေးခဲ့တဲ့ စာအုပ်လေးပါ။ ကျွန်မက စာဖတ်ဝါသနာပါသလို သူကလည်း စာဖတ်တာကို နှစ်သက်တယ်။ ချစ်သူတွေ ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် လူချင်းကတော့ သူငယ်ချင်း ဘ၀တုန်းကလိုဘဲ တစ်နှစ်မှ တခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ တွေ့ဆုံမှုနည်းလို့ သွေးအေးသွားလို့ လည်း မဟုတ်။ သူငယ်ချင်းလိုမျိုး သံယောဇဉ်ပိုတာကို အချစ်လို့ မှားပြီး ကောက်ချက်ချမိကြလို့လည်း မဟုတ်ပေမယ့် သူနဲ့ ကျွန်မ ဖူးစားမဆုံဖြစ်ခဲ့ကြပါဘူး။ သူနဲ့ ကျွန်မ တကယ့်ကို ချစ်ခဲ့တာပါ။ ကွဲကွာသွားတာကလည်း သူများတွေလို အထင်မှားစရာရှိလို့၊ မိဘချင်းမပြေလည်လို့ ၊ မချစ်နိုင်စရာ အကြောင်းတွေရှိလို့ မဟုတ်ပါဘူး။ ချစ်ရက်နဲ့ကို လမ်းခွဲခဲ့ရတာပါ။ ဘာမှ ပြောစရာ မရှိလောက်အောင် အခြေအနေကောင်းတွေ ရှိနေပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာဆိုတာက ရှိနေပြန်ပါတယ်။ သူ့ရဲ့ အလုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူရဲ့ သမီးကို လက်ထပ်ယူလိုက်ရလို့ပါ။ ကောင်မလေးက ငယ်ရွယ်ပြီး သွက်သွက်လက်လက်ရှိသလို သူ့အပေါ်မှာ အရမ်းကို ချစ်နေမိတာပါ။ လောကမှာ ထောက်ထားစရာတွေ ရှိတာ ကောင်းလည်းကောင်းသလို၊ မကောင်းတဲ့အခါလည်း မကောင်းပါဘူး။ ကျွန်မလည်း သူ့ကို ငယ်ငယ်ကတည်းက အမြဲ နားလည်ပေးခဲ့ရတာ ဒီတစ်ကြိမ်လည်း ကျွန်မ နားလည်ပေးလိုက်ရပြန်ပါတယ်။ သူနဲ့ ကျွန်မ က ဖူးစာကံ မပါလို့ လို့ဘဲ မှတ်ယူရင်းနဲ့ပေါ့....။

သူကတော့ အကောင်းဆုံး မိသားစု ဘ၀လေးကို တည်ဆောက်နိုင်ခဲ့ သလို ကျွန်မလည်း ဖေဖေ၊မေမေတို့ အတွက် အားအကိုးရဆုံး သမီးတစ်ယောက် အနေနဲ့ဘဲ အခုအချိန်ထိ ရပ်တည်နေတော့ပါတယ်။

Friday, 14 January 2011

ခရီးသွားခြင်းရဲ့ အကျိုး

ခရီးသွားခြင်း အကျိုး ဆိုလို့ ခရီးသွားလို့ ရလာတဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေလို့ ထင်ရင်တော့ လုံးဝချည်းကို လွဲသွားမယ် စာဖတ်သူများရေ...။ အခုရေးမယ့် ပို့စ်လေးကတော့ ခရီးသွားတဲ့ရက်မှာ အဆောင်က သန့်ရှင်းရေး လုပ်တဲ့ရက်နဲ့က တိုက်နေတော့ အစားပြန်လုပ်ပေးရတဲ့ အကြောင်းလေးပါ။ ဂျပန်မှာ ပေါက်ပြားပေါက်ဖူးတဲ့ အတွေ့အကြုံလေးတော့ ရသွားတာပေါ့။ အဆောင်က ၂လ ၁ကြိမ် အမြဲ သန့်ရှင်းရေးလုပ်တယ်။ ဒီလောက် ၂လ ၁ကြိမ်တည်း လုပ်တာကို ခရီးထွက်တာနဲ့ ကြုံဖြစ်အောင်ကြုံတာ။

ပထမ တစ်ခါကတော့ ပေါက်ပြားပေါက်ရဘူး။ အဆောင်ရှေ့က သစ်ပင်တွေမှာ အရွက်တွေကြွေတော့ သစ်ရွက်ခြောက်လေးတွေဘဲ တံမြက်စည်းလှဲရုံဘဲ။ ဒီတခါတော့ သစ်ပင်မှာ အရွက်တွေ မရှိတော့လို့ သန့်ရှင်းရေး သိပ်လုပ်စရာ မရှိလောက်ဖူးလို့ သူငယ်ချင်းကပြောတယ်။ ဒါပေမယ့် ဒီနေ့ သန့်ရှင်းရေးလုပ်ဖို့ အဆောင်မှုးဆီကို သွားတော့ ရုံးခန်း အ၀မှာ ပေါက်ပြားက အဆင့်သင့် စောင့်နေတယ်။ အဲဒီကျမှ မုန့်ဟင်းခါးကို အကြော်တွေ၊ ဘာတွေနဲ့ စားရတော့မယ် ဆိုတာ သိလိုက်တော့တယ်။ အဆောင်မှုးက မြက်ပေါက်ရမယ့်နေရာ ခေါ်သွားပြီး မြက်ပေါက်ခိုင်းတော့တာဘဲ။ တော်သေးတယ်။ အခြား အဖော် ၂ယောက် ရှိသေးလို့။ ဂျပန်မှာ ပေါက်ပြားပေါက်ရတဲ့ အမှတ်တရ ပေါက်ပြားလေးကို ဓါတ်ပုံကို ရိုက်ထားချင်တာ။ မှတ်မှတ်ရရပါဘဲ။ ခရီးသွားလို့ ရတဲ့ သူများတွေနဲ့ မတူတဲ့ အကျိုး.....။

Monday, 3 January 2011

ဖြစ်တတ်တဲ့ လူ့သဘာဝ

လိုလျှင် အသုံးချ၊ မလိုလျှင် မုန်းကြ။

လိုလျှင် သတိရ၊ မလိုလျှင် မေ့ကြ။

လိုလျှင် ပြုံးပြ၊ မလိုလျှင် မဲ့ကြ။

ပျော်ရွှင် ပြည့်စုံနေပါက၊ ဖေးကူခဲ့သူတွေကို သတိမရ...။

အောင်မြင်မှုတွေရနေက၊ မာန်မာနတွေ ထောင်လွှားကြ။

အားငယ်ချိန်မှာ တမ်းတတာ၊ ကူညီဖေးမမှုကိုပါ။

ဒီအရာတွေက လူ့သဘာဝ၊ နားလည်ပေးနိုင်က၊

နေပျော်စရာ လူ့ဘ၀၊ ရလာနိုင်မှာပါ။

Tuesday, 21 December 2010

တန်ဖိုးထား ထိန်းသိမ်းရမယ့် မိန်းမသား ဘဝ

ဒီခေါင်းစဉ်ကိုကြည့်ပြီး ဘလော့ခ်ဂါကိုကိုများ အားမပေးဘဲတော့ ပြန်မသွားပါနဲ့နော်။ ဘယ်သူ့ကို၊ ဘာကို ရည်ရွယ်ပြီး ရေးထားတာ မဟုတ်ပါဘူး။ ဒီနေ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ခုကြည့်ပြီး တွေးမိသွားတာကြောင့် ရေးမိသွားတာပါ။

မိန်းမသားတွေရဲ့ဘ၀မှာ ဆောင်ရန်၊ ရှောင်ရန်တွေ အရမ်းကိုများပါတယ်။ မိန်းမသားတွေက ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် ထိန်းသိမ်းနေထိုင်သင့်ပါတယ်။ ယောက်ျားလေးတွေက သူတို့ ကိုယ်တိုင်ကသာ ရှုပ်ချင်ပေမယ့် ကိုယ်ယူမယ့် မိန်းကလေးကိုတော့ ခြောက်ပြစ်ကင်း စေချင်တယ်တဲ့။ ဒါကဖတ်ဖူးတဲ့ စာသားလေး တစ်ခုပါ။ ပြောချင်တာက ယောက်ျားကောင်းရဖို့ အတွက် တန်ဖိုးရှိအောင်နေရမယ်လို့ ဆိုချင်တာမဟုတ်ပါဘူး။ ဘာအတွက်ပဲဖြစ်ဖြစ် မိန်းကလေးတွေက မိမိတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့အပြုအမူတွေက ကိုယ်အတွက် ဘာမှ မဖြစ်လောက်ဖူးလို့ထင်ပေမယ့် သူများအမြင်မှာ အထင်သေးစရာ ဖြစ်တတ်ပါတယ်။ ဥပမာ- ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ မိန်းကလေးက သူရဲ့ စိတ်မှာ ဘာမှ မရှိဘဲ သူရဲ့ ယောက်ျားလေးဆန်တဲ့စိတ်ကြောင့် ပြောဆိုဆက်ဆံတာ ပွင့်လင်းပြီး သွက်လက်နေတတ်ပါတယ်။ ပွင့်လင်းဖော်ရွေတာက ကောင်းတဲ့လက္ခဏာဖြစ်ပေမယ့် ဒါကို နားလည် မပေးတတ်တဲ့သူတွေကတော့ ဒီမိန်းကလေး အနေအထိုင်ရဲတင်းလိုက်တာလို့ထင်တတ်ကြပါတယ်။ ပြီးတော့ အထင်အမြင်သေးတတ်ကြပါတယ်။ ထင်တဲ့သူတွေဘက်ကကြည့်ရင်လည်း မမှားပါဘူး။ လူအမျိုးမျိုး၊ စိတ်ထားအမျိုးမျိုးတွေရှိတတ်ကြကြောင့်ပါ။ အမှန်ကတော့ မိန်းကလေး က မိန်းကလေး ပီပီနေသင့်ပါတယ်။ တစ်ခါတစ်ရံမှာ ဘ၀ပေးအခြေအနေကြောင့် ဒီလိုပုံစံတွေ ရှိလာတတ်တာပါ။ မိန်းမသားတွေက မိန်းမဆန်ဆန်နဲ့ ပွင့်ပွင့်လင်းပုံစံရှိအောင်နေထိုင်မယ်ဆိုရင်တော့ အများရဲ့ အပြောကိုမခံရနိုင်တော့ပါဘူးလို့ထင်ပါတယ်။ ရဲတင်းတဲ့ပုံစံမဟုတ်ဘဲ ရဲရင့်တဲ့ပုံစံ ဖြစ်သင့်ပါတယ်။

နောက်ပြီးမိန်းကလေးတွေက ခေတ်ဆန်တတ်ကြပါတယ်။ ခေတ်ဆန်တာနဲ့ ခေတ်မီတာ မတူပါဘူး။ ခေတ်ဆန်တဲ့မိန်းကလေးတွေဆို အကောင်းမြင်လည်း ခဏပါ။ များသောအားဖြင့်တော့ ဒီမိန်းကလေးက ခေတ်ဆန်လိုက်တာဆိုပြီး negative view တွေနဲ့ဘဲ ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ခေတ်တော့မီသင့်ပါတယ်။

မိန်းကလေးတွေက အထူးသဖြင့် ယောက်ျားလေးတွေနဲ့ ပြောဆိုဆက်ဆံရာမှာလည်း မိန်းကလေးပီပီ အိနြေ္ဒရေရရ ပြောဆိုဆက်ဆံသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရင်းရင်းနှီးနှီးနဲ့ ယောက်ျားလေးတွေနဲ့ တန်းတူ ပြောဆိုဆက်ဆံခဲ့ရင် အထင်မြင်သေးခြင်းခံရတတ်ပါတယ်။ ပြီးတော့ တန်ဖိုးလည်းမထားတတ်ကြပါဘူး။ မိန်းကလေးပီပီ အိနြေ္ဒရေ သိက္ခာရှိရှိ ပြောဆိုနေထိုင်သင့်ပါတယ်။ ဒါမှလည်း မိမိကိုယ်ကို တန်ဖိုးထားရာ ရောက်ပါမယ်။

မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ သဘာဝချင်းကစပြီး မတူညီတဲ့ အတွက် ဘာကိုဘဲလုပ်လုပ် မိမိရဲ့ မိန်းကလေးဆိုတဲ့ သဘာဝကိုတော့ ကျော်လွန်ပြီး မတွေးသင့်သလို၊ မလုပ်ဆောင်သင့်ဘူးလို့ ထင်ပါတယ်။ ဘာကိုပဲ လုပ်လုပ် မိမိရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုးကို လျော့ပါးစေမယ့် အပြုအမူမျိုး မဖြစ်သင့်ပါဘူး။ အထူးသဖြင့် မြန်မာမိန်းကလေးတွေက မိမိတို့ရဲ့ တန်ဖိုးကို ကျဆင်းမသွားအောင် မိမိတို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာနေထိုင်သင့်တယ်လို့ ထင်ပါတယ်။

မိန်းကလေးတွေကလည်း မိန်းမသားပီပီ ပြောဆိုနေထိုင် ဆက်ဆံသင့်သလို၊ အများကလည်း ပွင့်လင်း သွက်လက်တဲ့ မိန်းကလေးတိုင်းကို ရဲတင်းလိုက်တာလို့မတွေးဘဲ အကောင်းဘက်ကနေ ဖြည့်တွေးပြီး ပြောဆိုသင့်တယ်လို့ထင်ပါတယ်။ ခေတ်ဆန်တဲ့မိန်းကလေးတွေ မဟုတ်ဘဲ ခေတ်မီတဲ့ မိန်းကလေးတွေ ဖြစ်ပြီး မိမိဘ၀ကို တန်ဖိုးထားတတ်သော မိန်းကလေးများ ဖြစ်သင့်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ ဘ၀ဟာ ခြေတစ်လှမ်းမှားလိုက်တာနဲ့ တစ်ဘ၀စာပြင်မရတဲ့ အမှားတွေ ဖြစ်လာတတ်လို့ပါ။ ဒါကြောင့် မိန်းကလေးတိုင်း မိမိကိုယ်ကို တန်ဖိုးထားတတ်ပြီး အိနြေ္ဒရှိရှိနဲ့ မိန်းမ ပီသသော မိန်းမသားတွေ ဖြစ်စေချင်ပါတယ်။

Saturday, 11 December 2010

နိယာမ

သက်ရောက်မှုတိုင်း၊
တန်ပြန် သက်ရောက်မှုရှိတယ်လို့ သူတို့တွေက ပြောကြတယ်။
ကိုယ်ကပြုံးပြလျှင် သူပြုံးပြတယ်။
ကိုယ်ကမဲ့တော့ သူပြန်မဲ့တယ်တဲ့။
ကိုယ်ကချစ်နေပေမယ့် သူပြန်မချစ်တော့....
ဘာနိယာမလို့ ခေါ်ကြမလဲဗျာ....။

Wednesday, 1 December 2010

ကျွန်မ ဘ၀ရဲ့ အဖော်မွန်လေးများ

လူတိုင်း လူတိုင်းမှာ အပါင်းအသင်း၊ မိတ်ဆွေ ဆိုတာရှိတတ်စမြဲပါ။ အဲဒီလို မိတ်ဆွေတွေထဲမှာ လူသားတွေအပြင် စာပေ၊ ဂီတ စတဲ့ အရာတွေလည်းပါဝင်ပါတယ်။
ကျွန်မရဲ့ အဖော်မွန်လေးတွေကတော့ အထူးသဖြင့် စာအုပ်၊ စာပေနဲ့ ဂီတပါ။ ငယ်စဉ် ကလေးဘ၀ကနေ ကျောင်းပြီးဘွဲ့ရတဲ့အထိ အဖော်မွန်လေးတွေကတော့ စာအုပ်တွေရယ်၊ သီချင်းတွေရယ်၊ အားကစားရယ်ပါ။ ကျွန်မ ငယ်ငယ် ကျောင်းနေစဉ်က အဖော်မွန်တွေကတော့ တို့ကျောင်းသား၊ တေဇ စာစောင်လေးတွေပါ။ ဖေဖေရော၊ မေမေပါ စာဖတ်ဝါသနာပါကြတော့ ကျွန်မအတွက် ဒီစာစောင်လေးတွေကို လစဉ်ဝယ်ပေးပါတယ်။ အဲဒီလိုနဲ့ စာဖတ်ဝါသနာပါလာတော့ စာအုပ်တွေက ကျွန်မရဲ့ အဖော်မွန်လေးတွေ ဖြစ်လာပါတယ်။
ဂီတကလည်း လူတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေတယ်လို့ ကြားဖူးပါတယ်။ လူတိုင်းလည်းကြားဖူးမှာပါ။ တစ်ခါတစ်ရံ အလုပ်တွေရှုပ်နေတာတို့၊ စိတ်တွေရှုပ်နေတာတို့ဆိုရင် ကြိုက်တဲ့ သီချင်းလေး နားထောင်လိုက်ရင် အလုပ်ရှုပ်တာတွေ၊ စိတ်ရှုပ်တာတွေ ခဏမေ့ပြီး စိတ်ကြည်နူးမှုလေးတွေရလာပါတယ်။
ကျွန်မကတော့ အဲဒီလိုအချိန်ဆိုရင် သီချင်းအေးအေးလေးတွေ နားထောင်တတ်ပါတယ်။
နောက်တစ်ခုက ကျွန်မ ငယ်ငယ်က အားကစား အရမ်းကို ၀ါသနာကြီးခဲ့ပါတယ်။ အခုထိလည်း အဲဒီဝါသနာ ရှိနေတုန်းပါဘဲ။ ငယ်ငယ်က ဘတ်စ်ကတ်ဘော ကစားပါတယ်။ ညနေတိုင်း ကစားပါတယ်။ တစ်ခါတစ်ရံ နေမကောင်းသလို ဖြစ်နေရင် ညနေမှာ သွား မကစားရမှာ စိုးလို့ နေကောင်းချင်ယောင်ဆောင်ပြီး အိမ် အလုပ်တွေကူ၊ စာတွေ ကျက်ပြနေရတယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တာ၊ စကားမပြောဖြစ်တာရှိခဲ့ရင်တောင်မှ ပျင်းတယ်၊ အထီးကျန်ဆန်တယ်လို့ မခံစားရဘူး။ စာအုပ်ဖတ်ရင်ဖတ်၊ သီချင်းနားထောင်ရင်ထောင်၊ ညနေရောက်ရင် ကစားနဲ့ဘဲ ကျွန်မရဲ့ အားလပ်ချိန်လေးတွေ ကုန်ဆုံးသွားတာပါ။
ကျောင်းပြီးလို့ အလုပ်ခွင်ဝင်တော့ အားကစားကလွဲပြီး စာအုပ်နဲ့ သီချင်းလေးတွေက ကျွန်မရဲ့အဖော်မွန်အဖြစ် ဆက်ရှိနေပါတယ်။
အခု အမိမြေနဲ့ဝေးတဲ့ဆီမှာ ပညာသင်လာနေချိန်မှာတော့ ကျွန်မမှာ အဖော်မွန်လေးတွေတိုးလားတယ်။ ဒါပေမယ့် စာဖတ်နှုန်းတော့နည်းသွားတယ်။ ဒီဘလော့ခ်လေးကလည်း ကျွန်မဘ၀ရဲ့ အဖော်မွန်ထဲက တစ်ခုပါ။ နောက်တိုးလာတာတွေကတော့ မြန်မာဗွီဒီယို ၀က်ဘ်ဆိုဒ်တွေပါဘဲ။ ပျင်းတဲ့အခါ ဇာတ်လမ်းလေးတွေကြည့်၊ သီချင်းနားထောင်၊ စိတ်ကူးရတဲ့အခါ ဘလော့မှာ စာရေးလိုက်နဲ့ ကျွန်မရဲ့ အဖော်မွန်လေးတွေကြောင့် အထီးကျန်တာ အားငယ်တာ မရှိတော့ပါဘူး။ ဘလော့ခ်တွေ လျှောက်လည်ရတာကလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရသလိုပါဘဲ။
လူဆိုတာ တစ်ဦးတစ်ယောက်ထဲ ရပ်တည်နေထိုင်လို့မရပါဘူး။ ဒါပေမယ့်..တစ်ခါတစ်ရံမှာ သူငယ်ချင်း အပေါင်းအသင်းတွေက မအားတဲ့အခါတို့၊ မတွေ့ဖြစ်ကြတဲ့အခါ၊ စကားမပြောဖြစ်တဲ့အခါတို့ ရှိရင် ရှိနိုင်ပေမယ့် သူတို့လေးတွေကတော့ ကျွန်မဘေးမှာ အမြဲရပ်တည်ပေးနေတဲ့ ကျွန်မဘ၀ရဲ့ အဖော်မွန်လေးတွေပါ။

Tuesday, 30 November 2010

ရင်မောရတဲ့ ညနေလေးများ

သဇင်တို့တွေက မြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျောင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေပါ။ သဇင်တို့လိုဘဲ မြို့ကနေ နေ့ချင်းပြန် ကျောင်းတက်ကြတဲ့ ဆရာ၊ ဆရာမ ၇ ယောက်လောက်ရှိပါတယ်။ သဇင်တို့ကျောင်းက မြို့နဲ့ ဝေးလွန်းတာလည်း မဟုတ်၊ နီးလည်း သိပ်ပြီး မနီးလှဘူး။ ကျောင်းက အဝေးပြေး ကားလမ်းဘေးမှာ ရှိပါတယ်။ အဝေးပြေး ကားလမ်းဘေးမှာ ရှိတယ် ဆိုပေမယ့် သွားရေး၊ လာရေးက တစ်ခါတစ်ခါ သိပ်အဆင်မပြေပြန်ဘူး။ ညနေ ကျောင်းဆင်းချိန်ဆို ကား သိပ်မရှိတော့ဘူး။
ကားမရှိဘူး ဆိုတာက အထူးသဖြင့် လိုင်းကားပေါ့။ အဝေးပြေးကားတွေ ကတော့ ရှိတတ်ပါတယ်။ အဝေးပြေးကားတွေကလည်း လိုင်းကားတွေ ဆွဲတဲ့ နေရာ အပိုင်းအခြားဖြစ်နေတော့ သိပ်မတင်ချင်ပြန်ဘူး။
သဇင်တို့တွေ မနက်ခင်း ကျောင်းလာချိန်မှာ လိုင်းကားက အဆင်ပြေပေမယ့် ညနေ ပြန်ချိန်ဆို အမြဲ စိတ်ညစ်ရပါတယ်။ စာသင်ချိန်ပြီးလို့ ကျောင်းဆင်း၊ လိုင်းကားကမရှိဆိုတော့ မောသွားတာဘဲ။ တစ်ခါတစ်ရံ ကံကောင်းရင်တော့ ကျောင်းဆင်းချိန်မှာ လိုင်းကား တစ်စီးလောက်တော့ မှီတတ်ပါတယ်။ အဲဒီလို နေ့မျိုးဆို ပျော်မိတာ အမှန်ပါ။
ဒါပေမယ့် လိုင်းကား မရှိတော့တဲ့ ညနေတွေမှာတော့...
ကျောင်းရှေ့မှာ သဇင်တို့ ဆရာမ အဖွဲ့တွေ ကားလာမယ့် ဘက်ကို မျှော်ကြည့်နေရတာပေါ့။ ကားတစ်စီးလာလို့ တားတယ်။ ရပ်မပေးပြန်တော့ ရင်မောရပြန်တယ်။ နောက်တစ်စီး လာပြန်.. တားပြန်.. မရပ်ပြန်နဲ့ ဒီလိုဘဲ ကားရတဲ့ အထိ စောင့်ရတာပေါ့။ တစ်ခါတစ်ခါ မိသားစု ကိုယ်ပိုင်ကားလေးတွေက လမ်းကြုံရင် ခေါ်တင်တတ်ပါတယ်။ ကိုယ်ပိုင်ကားတိုင်းတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ခါ မြို့ဘက်ကို သွားတဲ့ ဆိုင်ကယ်တွေကို တားပြီး တင်ခေါ်ဖို့ ပြောရပါတယ်။ အဲလို အချိန်မျိုးမှာ ရပ်ပြီးတင်ခေါ်သွားတဲ့ သူရှိသလို၊ မခေါ်တဲ့ ဆိုင်ကယ်ကများပါတယ်။ တစ်ချို့ဆိုင်ကယ်တွေဆို ဆရာမတွေ ကျောင်းရှေ့ ရပ်နေတာကို အဝေးက မြင်တာနဲ့ ဆရာမတွေက လမ်းဒီဘက်မှာ ရပ်နေရင် လမ်းရဲ့ တစ်ခြားတစ်ဖက်ကနေ ကပ်ပြီးမောင်းသွားကြပါတယ်။ တစ်ချို့သူတွေကျပြန်တော့လည်း ဆိုင်ကယ်ဘဲဖြစ်၊ ကားဘဲဖြစ်ဖြစ်ရပ်ပြီးတော့ ဆရာမတို့ ဘယ်အထိ သွားကြမှာလဲဗျာ/ရှင်..လို့ မေးပြီးတော့ သူတို့နဲ့ လမ်းကြုံရင် တင်ခေါ်ကြပါတယ်။ အဲဒီ အချိန်ဆို ပျော်မဆုံးပေါ့ရှင်...။
သဇင်တို့တွေ ကားဘဲတားတား၊ ဆိုင်ကယ်ကိုဘဲ အကူအညီ တောင်းတောင်း ခေါ်တင်မသွားတဲ့အခါ ရင်မောရပါတယ်။ ဒီလို အချိန်မှာ ဘ၀အမောလေးတွေ ပြေပါစေရယ်လို့ ဟသလေးတွေနှောရတာပေါ့။ သဇင်တို့ အဖွဲ့ ပြောနေကျ စကားလေးတစ်ခွန်းရှိတယ်။ စပြီး ဒီစကားလေးကို ပြောတဲ့သူကတော့ ရူပဗေဒ သင်တဲ့ဆရာမပေါ့။ "အိမ်မပြန်ရမှာတော့ မပူနဲ့၊ ကမ္ဘာကြီးက လုံးပါတယ်တဲ့။" ကမ္ဘာကြီးကလုံးတော့ အိမ်ကိုတော့ တစ်ချိန်ချိန်ရောက်မှာဘဲတဲ့။ ကားတစ်စီးတားလို့ မရပ်ပြန်ရင် ကမ္ဘာကြီးကလုံးပါတယ် ဆိုတဲ့ စကားလေးကို အချင်းချင်း စနောက်ပြောကြရင်း အိမ်ပြန်ဖို့ ညနေတိုင်းလိုလို ကားစောင့်ကြရတာပေါ့။
တစ်ခါတစ်ခါ ကျောင်းရှေ့ ကားစောင့်လို့မရတဲ့အခါ ကားရပ်တတ်တဲ့နေရာအထိ တစ်ဖွဲ့ကြီး လမ်းလျှောက်ရင်းနဲ့ သွားပြီးစောင့်ကြရတာပေါ့။ လမ်းလျှောက်ရင်းနဲ့ဘဲ နောက်ကနေ ကားများလာခဲ့ရင် မသိလို့ မတားလိုက်မိမှာ စိုးလို့ ရှေ့ကို ကောင်းကောင်းကြည့်ပြီး လမ်းမလျှောက်နိုင်ဘဲ နောက်ပြန်ကြည့်ရတာ အမောပေါ့။ ကံကောင်းတဲ့နေဆိုရင်တော့ အိမ်ကို ပုံမှန်ချိန် ပြန်ရတတ်ပေမယ့် ကားရှားတဲ့နေ့ဘဲဖြစ်ဖြစ်၊ ကားတားရက်နဲ့ ရပ်မပေးလို့ အချိန်တော်တော်ကြာကြာ ကားစောင့်ရတဲ့နေ့မျိုးဆိုရင်တော့ အိမ်ကို ညနေ ၆ နာရီလောက်မှပြန်ရောက်ပါတယ်။ ကျောင်းဆင်းချိန်ကတော့ ညနေ ၄ နာရီပါ။ မြို့နဲ့ကျောင်းနဲ့က ပုံမှန်ကားမောင်းနှုန်းနဲ့ဆို ၃၅မိနစ်လောက်ပဲကြာပါတယ်။ လမ်းမှာ လူ အတက်အဆင်းများရင်တော့ အချိန် မမှန်ဘူးပေါ့။
သဇင်တို့လည်း ဒီကျောင်းကနေ မပြောင်းရမချင်း ရင်မောရတဲ့ ညနေလေးတွေကို ပိုင်ဆိုင်နေရအုန်းမှာပါ။ ဒါပေမယ့် ဒီရင်မောရတဲ့ ညနေလေးတွေက တစ်ချိန်ချိန်မှာ ပြန်ပြောင်း အမှတ်ရစရာလေးတွေ အဖြစ်နဲ့လည်း ကျန်ရှိနေအုန်းမှာပါ။