Tuesday, 7 September 2010

ကျေးဇူးတင်လွှာ...

နွေရာသီကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေစု ပြီး သူငယ်ချင်းတွေရှိတဲ့ မြို့တွေကို အလည် သွားခဲ့ပါတယ်။ တစ်ယောက်တစ်နေရာဆီမှာ နေကြတဲ့အတွက် တွေ့ဆုံဖို့ မလွယ်ကြပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေ လည်း ဆုံဆည်းရအောင်ရယ်၊ တစ်ခြားမြို့တွေကို လည်း အလည်ရောက်ဖူးအောင် နွေရာသီ အလည်ခရီးထွက်ခဲ့ပါတယ်။ ဟီရိုရှီးမား၊ ဖူကူအိုကာနဲ့ နာဂါဆာကီကို သွားခဲ့ပါတယ်။ သွားခဲ့တဲ့ မြို့တွေက သူငယ်ချင်းတွေက နေရေး၊ စားရေးကို အစစအရာ လိုလေသေးမရှိအောင် လုပ်ဆောင်ပေးကြပါတယ်။ အရသာရှိတဲ့ မြန်မာ ဟင်းလျာတွေကိုလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးကြပါတယ်။ အခုလို သူများနိုင်ငံမှာ မြန်မာတွေရဲ့ နွေးထွေးပြီး ရင်းနှီးဖော်ရွေတဲ့ စိတ်ဓါတ်လေးတွေနဲ့ ပျူငှာစွာဆက်ဆံမှုလေးတွေ ကို ခံစားလိုက်ရတဲ့ အခါ အတိုင်းမသိ ကြည်နူးပီတိ ဖြစ်မိပါတယ်။ ဒါကြောင့် အစစအရာရာ ကူညီပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်းကို ဒီပို့စ်လေးကနေတဆင့် ပြောပြလိုက်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဒါ့အပြင် ခရီးထွက်တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် မလိုက်ပါနိုင်တဲ့ သူငယ်ချင်းတွေ ကလည်း မလိုက်နိုင်ပေမယ့် ခရီးသွားတဲ့ သူငယ်ချင်းအားလုံး အဆင်ပြေအောင် ၀ိုင်းဝန်း ဆုတောင်းပေးကြလို့ သူငယ်ချင်း အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သူငယ်ချင်းတွေ ပို့သတဲ့ မေတ္တာတွေကြောင့် ခရီးလမ်းလည်း အစစအရာရာ အဆင်ပြေခဲ့ပါတယ်။

ဟီရိုရှီးမား တွင် သူငယ်ချင်းများနဲ့ အတူ




ဖူကူအိုကာ သူငယ်ချင်းများ အိမ်မှာ အမှတ်တရ




နာဂါဆာကီ အိမ်မှာ ပျော်ရွှင်စွာ

အားလုံးကို အထူးကျေးဇူးတင်လျှက်....... ချင်းတွင်းသူ

Wednesday, 4 August 2010

အပြုံးကြွယ်မယ်၊ ခရီးသည်

လူသားတွေအားလုံးဟာ ဘဝသံသရာရထားကြီးကို စီးရင်း လိုရာခရီးကို

ရောက်အောင် လျှောက်လှမ်း နေကြရတဲ့ ခရီးသည်တွေပါ…။

ဒီရထားကြီးပေါ်မှာလည်း စီးနင်းလိုက်ပါ လာသူတွေကလည်း

အရွယ်စုံ၊ လူမျိုးစုံတွေဖြစ်ပါတယ်။ ဒါ့အပြင် ရည်ရွယ်ချက်တွေကလည်း

အမျိုးစုံပါဘဲ။ ဒါပေမယ့်လည်း တူညီတဲ့ အချက်တစ်ခုကတော

မိမိတို့ရည်မှန်းထားတဲ့ ပန်းတိုင်ကို ပျော်ရွင်အေးချမ်းစွာနဲ့

ရောက်ရှိလိုတဲ့ ဆန္ဒလေးဘဲ ဖြစ်ပါတယ်။

ရထားစီးရင်း ခရီးသွားကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်နှီးလာကြ၊

မိတ်ဆွေတွေဖြစ်လာကြပါတယ်။ ခရီးလမ်း တစ်လျှောက်မှာလည်း

တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီ ကြပါတယ်။ အခက်အခဲတွေ ရှိလာပြန်လည်း

ခရီးသွားဖော်ချင်း ဝိုင်းဝန်းဖြေရှင်း ပေးကြပါတယ်။ ဒါတွေဟာ ဘယ်လိုမှ

ပြောင်းလဲလို့မရတဲ့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့

ဓလေ့စရိုက်လေးတွေဘဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ဘဲ လိုရာခရီးကိုရောက်ဖို့

သံသရာရထားကြီးကို စီးပြီး ခရီးသွား နေကြရပါတယ်။ ဒီလိုခရီးသွားရင်းနဲ့ဘဲ

လိုရာခရီးကိုရောက်လို့ မိမိတို့နဲ့ သက်ဆိုင်ရာ ဘူတာတွေမှာ ဆင်းပြီးနေခဲ့

ကြသူတွေလည်း ရှိပါတယ်။ အဲဒီအခါမှာကျန်ခဲ့တဲ့သူတွေက ဝမ်းနည်းရသလို၊

ချန်ထားခဲ့ရသူရဲ့ ရင်ထဲမှာလည်းကြေကွဲမှုတွေ ခံစားရပါတယ်။ အတူနေပြီး

ခရီးသွားနေစဉ်မှာ ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ နေခဲ့ကြတဲ့အချိန်တွေ ရှိသလို၊

စိတ်သဘောထား မတိုက်ဆိုင်လို့ အမုန်းတရားတွေ ဖြစ်လာတွေသူတွေလည်း

ရှိကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ကြတာ

သဘာဝဘဲ ဖြစ်ပါတယ်။ အမြင်ကြည်လင်ပြီး ချစ်ခင်နေကြတဲ့

အချိန်ကလေးကတော့ ဘယ်လိုလူမျိုးအတွက် မဆို မင်္ဂလာရှိပြီး

ပျော်စရာကောင်းတဲ့ အချိန်လေးဖြစ်ပါတယ်။ တစ်ခရီးထဲမှာ

အတူသွားကြတဲ့ ခရီးဖော်အချင်းချင်း မေတ္တာစိတ်ထားပြီး ပျော်ရွှင်စွာနဲ့

နေထိုင်သူတွေလည်း ရှိပါတယ်။ ဒေါသ မာန်မာန တွေ ထားတတ်တဲ့

သူတွေလည်း ရှိတတ်ပါတယ်။ ခရီးသွားဖော် အချင်းချင်း တစ်ဦးနဲ့တစ်ဦး

ညှိယူပြီး နားလည်မှုလေးတွေနဲ့ နေနိုင်ကြရင် အကောင်းဆုံး ဖြစ်ပါတယ်။

ခရီးသည်များ အားလုံး ကလည်း ဒီဘဝသံသရာ ရထားကြီးကို

စီးပြီး လိုရာ ခရီးကို ဆက်လက် လျှောက်လှမ်း နေကြမှာ ဖြစ်သလို

ဘ၀သံသရာ ဆိုတဲ့ ရထားကြီးကလည်း ခုတ်မောင်းမြဲ ခုတ်မောင်း

နေအုန်းမှာဘဲ ဖြစ်ပါတယ်။ တစ်ခရီးတည်းသွား ခရီးသည် တွေ မို့ ဒီလို

တွေ့ကြ ဆုံခိုက် တခဏလေးမှာ အမုန်းတွေ ဖယ်ပြီး အပြုံးကြွယ်

ကြရအောင် ပါ…။

Wednesday, 28 July 2010

သြော်..... အချိန်ရဲ့ ပြောင်းလဲခြင်း

အရာရာတိုင်းက အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်ရဲ့ နွေရာသီ ပွဲတော်တွေ ထဲက ထင်ရှားတဲ့

ပွဲတော် တစ်ခု ဖြစ်တဲ့ tenjin ပွဲတော်ကို သွားခဲ့ပါတယ်။ ဒီပို့စ်လေးကတော့

ပွဲတော်က အပြန်ရခဲ့တဲ့ ပို့စ်လေးပါ။ ပွဲတော် ကျင်းပရာ နေရာက

osaka castle နဲ့နီးပါတယ်။ sakura no miya လို့ခေါ်တဲ့ နေရာ

အနီးတ၀ိုက် မှာပါ။ အဲဒီနားမှာ မြစ်လေးရှိပါတယ်။ မြစ်ရဲ့ ကမ်းနဘေး

တစ်ဖက် တစ်ချက်မှာ sakura (ချယ်ရီ)ပင်တွေ ရှိပါတယ်။

ဒီပွဲတော်မှာ မီးပန်းလွှတ်ပွဲ ပါတယ်။ လူတွေက မြစ်ထဲမှာ

လှည့်လည်သွားလာနေတဲ့ ပွဲတော်အတွက် စီမံထားတဲ့ လှေ တွေ

သွားလာတာကို ကြည့်ရင်း မီးပန်းလွှတ်တာကို စောင့်ကြည့်ကြပါတယ်။

ချယ်ရီပန်းတွေ ပွင့်ချိန်မှာ ဟနမိ ဆိုပြီး ချယ်ရီပန်းတွေ ကို

အမြတ်တနိုးနဲ့ လာကြည့်ကြတုန်းကလည်း ဒီနေရာလေးက နာမည်ကြီးတဲ့

နေရာထဲမှာ တစ်ခု အပါအ၀င်ပါ။ အဲဒီ အချိန်တုန်းကလည်း ချယ်ရီပန်းတွေ၊

ချယ်ရီပင်တွေ က အမြတ်တနိုးနဲ့ တန်ဖိုးထားခံရတာပါ။ ဒါပေမယ့် အခု

ဟနဘိလို့ခေါ်တဲ့ မီးပန်းလွှတ်ပွဲ ကျင်းပချိန်မှာတော့ မြတ်နိုးစရာ

ချယ်ရီပန်းပွင့်လေးတွေ မရှိတော့ သလို မီးပန်းလွှတ်တာကို

မြစ်ကမ်းဘေးက ကြည့်တဲ့ အခါ ချယ်ရီပင်တွေကြောင့်

ရှင်းရှင်းလင်းလင်း မမြင်ရပြန်ပါဘူး။ ဒါကြောင့် တစ်ချိန်က

မြတ်နိုးခြင်းခံခဲ့ရတဲ့ ချယ်ရီပင်လေးတွေက အပြစ်မြင်ခံရ ပြန်တယ်။

သြော် အချိန်ရဲ့ ပြောင်းလဲ ခြင်းကြောင့် အပြောင်းအလဲ တွေ

အမျိုးမျိုးဖြစ်လာ နိုင်ပါလားလို့ အတွေးဝင်လာရပါတယ်။

ချယ်ရီပင်လေးတွေ သာမက လူတွေလည်း အချိန်တွေကြောင့်

အမျိုးမျိုးပြောင်းလဲ လာနိုင်ပါတယ်။ ပြောင်းလဲမှုတိုင်းကို

ကြံ့ကြံ့ခံနိုင်အောင် အခု အချိန်က စပြီး ကြိုးစားကြရအောင်ပါ။

မှတ်ချက်။ ။ ပွဲတော် အကြောင်းအရာ ဖော်ပြတဲ့ အချက်အလက်

မှားရင် ခွင့်လွတ်ကြပါ။ ပြင်ပေးခဲ့ကြပါနော်။

Sunday, 18 July 2010

အချိန်လေးတွေ တိုလွန်းလို့၊ ချစ်ချစ်ခင်ခင် နေကြစို့

“အချိန်လေးတွေ တိုလွန်းလို့၊ ချစ်ချစ်ခင်ခင် နေကြစို့” တဲ့ ။

ကျောင်းသူဘ၀တုန်းက နေ့စဉ်မြင်တွေ့ခဲ့ရတဲ့ စာတမ်းလေးပါ။ အဆောင်ရဲ့

နံရံတိုင်းမှာ ဒီစာတမ်းလေးကို ကပ်ထားပါတယ်။ ။ အဓိပ္ပါယ်ပြည့်ဝတဲ့

စာလေးမို့ အရမ်းကို နှစ်သက်ခဲ့ရသလို အခုထိလည်း ဒီစာတမ်းလေးကို

မြင်ယောင်နေဆဲပါ။ တကယ်ဘဲ အချိန်တွေက တိုတောင်းလွန်းလှပါတယ်။

တွေ့ဆုံကြရတဲ့ ခဏတာမှာ ချစ်ချစ်ခင်ခင်စိတ်လေးတွေ ထားနိုင်ရင်

အကောင်းဆုံးပဲပေါ့။ မိသားစုထဲမှာဘဲ ဖြစ်ဖြစ်၊ အပေါင်းအသင်းတွေ

ကြားမှာဘဲ ဖြစ်ဖြစ် တစ်ဦး အပေါ် တစ်ဦး နားလည်မှု

ကိုယ်စီနဲ့၊ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးကဖြည့်တွေးရင်း၊

တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက ဖေးမရင်းနဲ့ တိုတောင်းလှတဲ့

အချိန်လေးတွေကို ပျော်ရွှင် ချစ်ကြည်စွာ ဖြတ်သန်းနိုင်ကြရင်

အကောင်းဆုံးပေါ့။ အချင်းချင်းတွေကြားမှာ သူကြောင့် ကိုယ်နစ်နာရတယ်၊

ကိုယ့်ကြောင့် သူအသာရသွားတယ် ဆိုတာတွေ မတွေးမိဘဲ

အကောင်းဘက်ကနေပြန်တွေးယူတတ်တဲ့ စိတ်လေးတွေရှိကြရင်

အကောင်းဆုံးပျော်ရွှင်မှုတွေနဲ့ တိုတောင်းတဲ့ အချိန်လေးတွေကို

ကုန်ဆုံးစေမှာ အမှန်ဘဲလို့ ထင်မိပါတယ်။ နာစရာတွေရှိလာခဲ့ရင်

သာစေခဲ့တာလေးတွေနဲ့တွေးပြီး ဖြေသိမ့်ကြရင် တိုတောင်းလှတဲ့

ဘ၀လေးမှာ နေပျော်စရာဘဲပေါ့။ ပုထုဇဉ်လူသားတွေမှာ ခန္တီပါရမီ

စွမ်းအားတွေက ဘုရား၊ရဟန္တာတွေလောက် မကြီးမားနိုင်ပေမယ့်

သည်းခံနိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ဒါကြောင့် တစ်ဦးနဲ့တစ်ဦး

တွေ့ဆုံကြတဲ့ အချိန်လေးတွေမှာ အမုန်းတရားတွေ၊ မကျေနပ်တာလေးတွေ၊

အဆင်မပြေမှုလေးတွေ ရှိခဲ့ကြရင်လည်း ဖြေဖျောက်ပြီး

အချိန်လေးတွေ တိုတောင်းလှတဲ့ အတွက် ချစ်ချစ်ခင်ခင် နေကြရအောင်ပါ။

သူငယ်ချင်း၊ အပေါင်းအသင်းတွေ အားလုံးလည်း တိုတောင်းလွန်းတဲ့

အချိန်လေးတွေထဲမှာ ချစ်ခင်၊ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့

ဆုတောင်းရင်း…….။

ခင်မင်မှု များစွာနဲ့…………………..ချင်းတွင်းသူ

Wednesday, 14 July 2010

ပြုံးပျော်ကြစေဖို့

ရယ်သောသူ အသက်ရှည်၏ …တဲ့။ လည်လည်လာပြီး အားပေးနေကြတဲ့ သူငယ်ချင်း၊ ရောင်းရင်းများ ဘ၀အမောတွေ ရှိခဲ့ကြရင် ခဏတာပြေစေဖို့ ကြားသိဖူးတဲ့ ရယ်စရာလေးတွေ မျှဝေခံစားလိုက်ပါတယ်။ သိဖူးပြီးသား ဖြစ်ခဲ့ရင်လည်း ကလိထိုးပြီး နောက်တစ်ကြိမ်ပြန်ရယ်ကြပါလို့ …. 

ရယ်စရာ -၁
တစ်ခါက ရွာတစ်ရွာမှာပေါ့။ အလွန်ကို သီချင်းဆို ၀ါသနာပါတဲ့ သူတစ်ယောက်ရှိပါတယ်။ ရွာမှာ အလှူအတန်းရှိတဲ့အခါ ရွာသားတွေစုပြီး ဇာတ်ပွဲကလေ့ရှိပါတယ်။ အဲဒီအခါကြရင် ဖိုးဆိုချင်ကရှေ့ဆုံးကပေါ့။ ဖိုးဆိုချင်မှာ အားနည်းချက် တစ်ခုရှိတယ်။ အဲဒါကမေ့တတ်တဲ့ အကျင့်လေးပါဘဲ။ အဲဒီလိုနဲ့ ဇာတ်ကဖို့ သီချင်းတွေ တိုက်ကြပါတယ်။ သီချင်းတိုက်တော့ ဖိုးဆိုချင်လေးက သူ့ထုံးစံအတိုင်း တစ်ချို့စာသားလေးတွေ မေ့တာပေါ့။ သူဆိုတဲ့ သီချင်းလေးက “လက်ပံပွင့်တွေ လေအတိုက် ကြွေလိုက်တဲ့အခါ” ပါ။ သူမေ့တာက လက်ပံပွင့်ဆိုတဲ့နေရာမှာ မေ့တာပေါ့။ ဘယ်လိုဘဲဆိုဆို အဲဒီနေရာရောက်ရင်မေ့နေတာပေါ့။ သူငယ်ချင်းတွေက အကြံပေးကြတယ်။ လက်ပံပွင့်လေး ကိုင်ပြီးဆိုရင်တော့ သတိရမှာဘဲ လို့ပေါ့။ ဒီလို့နဲ့ ဇာတ်ပွဲကတဲ့နေ့ ရောက်လာတာပေါ့။ ဖိုးဆိုချင်ဆိုရမယ့် အလှည့်ရောက်လာပါတယ်။ လက်ပံပွင့်လေးကို ကိုင်လို့ပေါ့။ ဒါပေမယ့်လေ သူ့အဖြစ်က ဒီပန်းကိုင်ထားတာကိုဘဲ နာမည်မေ့နေတုန်းဘဲ ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ ဖိုးဆိုချင်လေးက လက်ပံပွင့်လေးကို မြှောက်ပြပြီး ဆိုချလိုက်ပုံကတော့ “ဟောဒီအပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့ အခါ…..” တဲ့…..။
မေ့တတ်တဲ့ ဖိုးဆိုချင် ဆိုတဲ့ “ဟောဒီအပွင့် သီချင်းလေးကြားတိုင်း ချင်းတွင်းသူလေး ကိုလည်း သတိရလိုက်ပါနော်.. 


ရယ်စရာ-၂
ဒီတစ်ခါလည်း မေ့တတ်တဲ့သူလေး အကြောင်းပါဘဲ..။
ကိုမေ့ဘဲဆိုကြပါစို့။ ကိုမေ့တစ်ယောက် မြို့ကို ဈေးဝယ်သွားမှာမို့ သူ့ရဲ့သူငယ်ချင်းက လူကြုံမှာတာပေါ့။ ဘာမီတွန်ဆေးဝယ်ခဲ့ဖို့မှာတာပေါ့။ ကျန်တဲ့သူတစ်ချို့ကလည်းသူတို့ လိုအပ်တာလေးတွေ မှာကြတာပေါ့။ ဒီလိုနဲ့ ဆေးဆိုင်ရောက်သွားတာပေါ့။ ဆေးဆိုင်က ဘာဆေးလိုချင်လည်းလို့ မေးတော ကိုမေ့က နာမည်မေ့နေတယ်လို့ပြောတော့ ဆေးဆိုင်ကလည်း လူသုံးများတဲ့ ဆေးအမည်တွေပြောပြပါတယ်။ ဒါလည်း သတိမရဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ သတိရသွားတယ်။ နာမည်အပြည့်အစုံကို သူသတိမရဘူးတဲ့။ သူသတိရတာလေး ပြောပြမယ်ဆိုပြီးပြောပြလိုက်တာကတော့ “မီတွန်တော့ မီတွန်ဘဲ။ ဘာမီတွန်လဲတော့ မသိဘူး” တဲ့။
ကဲ..လည်လည်လာသူတွေ အိပ်မပျော်ရင်ဘဲဖြစ်ဖြစ်၊ နှာစေးတဲ့အခါဖြစ်ဖြစ် မီတွန်တော့မီတွန်လေး သောက်ကြပေါ့နော်… 

Monday, 5 July 2010

သူငယ်ချင်းဆိုတာ......?????????????

ဒီနေ့ကျောင်းမှာ ဆွေးနွေးရတဲ့အကြောင်းလေးကတော့

သူငယ်ချင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ ...????????????။ အားလုံးဆွေးနွေးကြတာကတော့

့အမျိုးမျိုးပါပဲ။ သူငယ်ချင်းဆိုတာ.......

ကိုယ်နဲ့အမြဲအတူသွား၊ အတူစားတဲ့သူ၊ ကိုယ်နဲ့ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင်အမြဲရှိနေပေးသူ၊

ကိုယ်ရဲ့ကောင်းကျိုးကိုစဉ်းစားလုပ်ဆောင်ပေးသူ၊ ကိုယ်နဲ့ဝါသနာတူ ၊အကြိုက်ချင်းတူသူ၊

ကိုယ့်နဲ့အပြန်အလှန် နားလည်မှုရှိတဲ့သူ၊ ဘယ်လောက်အနေဝေးဝေး ခင်မင်မှုမပျက်ရှိနေတဲ့သူ၊

ကိုယ်ခံစားချက်၊ သူခံစားချက်ကိုနားလည်ပေးတဲ့သူ၊ ပူပင်သောကရောက်တဲ့အခါ

မျှဝေခံစားနားလည်ပေးသူ.... စသည်ဖြင့်အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်။

အတန်းချိန်ပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါသူငယ်ချင်းဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုပြီး

ပြန်တွေးနေမိတယ်။ ဒါပေမယ့် တိတိကျကျအဖြေမထွက်ဘူး...။ သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ကို

တိတိကျကျတွေးလို့မရပေမယ့် သူငယ်ချင်းတွေရဲ့တန်ဖိုးကိုတော့ ရင်ထဲမှာအလိုလိုနားလည်နေတယ်။

ဘ၀မှာရပ်တည်နေထိုင်တဲ့အခါ သူငယ်ချင်းဆိုတဲ့ အဖော်မွန်ကောင်းက လိုအပ်ပါတယ်....။

ကဲ....ဒီပို့စ်လေးကို လာရောက်လည်ပတ်ကြတဲ့ စာဖတ်သူတွေရော သူငယ်ချင်းဆိုတာကို

ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲဟင် ...???????????????

Friday, 2 July 2010

-----

စာအုပ်ပုံတွေကြား ၊ ခေါင်းမဖော်နိုင်အောင်နစ်မြုပ်

ဦးနှောက်က အလုပ်ရှုပ်လို့။

ရုတ်တရက်သတိရ ၊ ရင်ဝကိုငုံ့ကြည့်

သြော်....နှလုံးသားမရှိတော့ပါလား။

(ဖတ်ဖူးတဲ့ကဗျာလေးတစ်ပိုဒ်ကိုကြိုက်လွန်းလို့မျှဝေခံစားခြင်းဖြစ်ပါသည်။)