Sunday 30 May 2010

လွမ်းမိတယ်………….

ဘာလိုလိုနဲ့ကျောင်းတွေတောင်ပြန်ဖွင့်တော့မှာနော်…..။ဒီနေ့ အိပ်ရာကနှိုးတော့အတွေးတစ်စကခေါင်းထဲကိုရောက်လာတယ်။မေလကုန်ခါနီးပြီဆိုတာနဲ့ဆရာ၊ဆရာမတွေကလည်းလုပ်ငန်းခွင်ကျောင်းတော်ကြီးမှာတာဝန်ထမ်းဆောင်ဖို့ပြင်ဆင်နေကြသလိုကျောင်းသူ၊ကျောင်းသားတွေကလည်းကျောင်းတော်ကြီးမှာအားမာန်အပြည့်နဲပညာသင်ယူဖို့ပြင်ဆင်နေကြပြီပေါ့။ဒီလိုစောင့်စားရင်းနဲ့ပဲဇွန်လ(၁)ရက်နေ့ဆိုတဲ့ ကျောင်းဖွင့်ရက်ကိုရောက်လာတာပေါ့။

ကျောင်းဖွင့်တဲ့ပထမနေ့ဆိုတော့ကျောင်းသူကျောင်းသားလေးတွေကလည်းသစ်လွင်လှပတဲ့ကျောင်းဝတ်စုံလေးတွေဆင်မြန်းပြီးပညာသင်ယူဖို့တက်ကြွတဲ့အားမာန်တွေနဲ့………။ဆရာ၊ဆရာမတွေကလည်းကျောင်းသူ၊ကျောင်းသားတွေကိုအတန်းနေသားတကျရှိဖို့ပြင်ဆင်ပေးရ၊စာသင်ခန်းမှာစည်းကမ်းတကျနေထိုင်တတ်ဖို့ဆုံးမစကားတွေပြောရ၊ကျောင်းစည်းကမ်းလေးစားလိုက်နာဖို့၊ယဉ်ကျေးလိမ္မာတဲ့သားကောင်း၊သမီးမွန်တွေဖြစ်ဖို့သြ၀ါဒတွေခြွေရနဲ့တနွေလုံးအနားယူလာပြီးတဲ့ကျောင်းတော်ကြီးဟာအခုတော့သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။မိဘတွေကလည်းမိမိတို့သားသမီးတွေကိုကျောင်းလိုက်ပို့ရင်းပြုံးပန်းပီတိတွေဝေနေကြတဲ့အချိန်ပေါ့။

သြော်……ဒီလိုနဲ့စခဲ့ပြီးကျောင်းတော်မဟာကြီးကကျောင်းသူ၊ကျောင်းသားတွေကိုပညာတွေဖြန့်ဝေရင်းတာဝန်တွေထမ်းဆောင်နေအုန်းမှာဖြစ်သလို၊ဆရာ၊ဆရာမတွေကလည်းမိမိတို့တပည့်လေးတွေအနာဂတ်မှာပညာတွေပြည့်ဝစွာနဲ့တိုင်းပြည်တာဝန်တွေထမ်းဆောင်နိုင်ဖို့ပညာတွေသင်ကြားဖြန့်ဝေပေးနေဆဲပါ။ကျောင်းသူ၊ကျောင်းသားတွေကလည်း ပေးဝေတဲ့ပညာတွေကိုခံယူရင်းဆရာ၊ဆရာ့မတို့အတွက် တပည့်ကောင်း၊မိဘတို့ အတွက် ရတနာလေးတွေဖြစ်လာအောင်ကြိုးစားနေကြအုန်းမှာပါ…….။

အနာဂတ်မှာလှပစွာပွင့်လန်းလာမယ့်ပန်းလေးတွေကို စတင်ပျိုးထောင်ပေးတဲ့ ဇွန်လ(၁)ရက်နေ့ကိုလွမ်းနေရင်းဥယျာဉ်ကြီးနဲ့တူတဲ့ကျောင်းတော်ကြီးမှာ ဥယျာဉ်မှုးတွေဖြစ်တဲ့ဆရာ၊ဆရာမတို့ရဲ့ရေလောင်းပေါင်းသင်၊ပြုစုပျိုးထောင်ပေးနေမယ့်ပုံရိပ်လေးတွေကို လွမ်းမိတယ်………….။

2 comments:

  1. ကျောင်းဖွင့်ချိန်ကို လွမ်းနေပြီလား..း) သိပ်မလိုတော့ဘူးကွာ ခဏလေး တစ်နှစ်လေးပဲ အောင့်ထား..။

    ReplyDelete
  2. ဟုတ်ကဲ့ပါ...အားတင်းထားပါတယ်။

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ