နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ကျွန်မတို့မြို့ရဲ့စည်ကားလှတဲ့သီတင်းကျွတ်ဘုရားပွဲတော်ကို မြို့သူမြို့သားတွေကလည်း မဆင်နွှဲလိုက်ရရင် ခေတ်မမီတော့သလို ခံစားကြရတယ်။ဒီမြို့သူတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း နှစ်စဉ်ဆင်နွှဲနေကြပေါ့။ဘုရားပွဲတော်က အနည်းဆုံး(၁၅)ရက်လောက်ကြာပါတယ်။ဒီဘုရားပွဲတော်ကိုနယ်စုံကဈေးသည်တွေကကုန်ပစ္စည်းမျိုးစုံလာရောက်ရောင်းချကြသလို ကျွန်မတို့မြို့နားနီးတဲ့ကျေးရွာစုံကလူတွေလာရောက်ဆင်နွှဲကြပါတယ်။ရောင်းချတဲ့ပစ္စည်းတွေကလည်း ကလေးကြိုက်၊လူကြီးကြိုက် မျိုးစုံပေါ့။အဓိကပြောချင်တာကတော့ဘုရားပွဲတော်အကြောင်းထက်ဘုရားပွဲဈေးသွားရင်း ရရှိခဲ့ရတဲ့ခံစားမှုလေးတစ်ခုပါ။
ဘုရားပွဲတော်ဆိုတော့လူမျိုးစုံလာကြတာပေါ့။ကျွန်မလည်းဘုရားပွဲဈေးလျှောက်ရင်းလူမျိုးစုံရဲ့ပြောစကားတွေ၊ဝေဖန်မှုတွေကိုကြားတော့မသိစိတ်ကအလိုလိုနားထောင်မိနေပြီးခံစားမှတတ်သားနေမိတယ်။ကလေးကစားစရာအရုပ်ဆိုင်တစ်ဆိုင်ရဲ့ရှေ့ရောက်တော့အမျိုးသမီးကြီးတစ်ယောက်ပြောနေတဲ့စကားကိုကြားမိသလိုဈေးရောင်းတဲ့သူရဲ့မကြားနိုးနားပြောတဲ့စကားကိုလည်းကြားမိလိုက်တယ်ရှင့်။အဲဒါကတော့
ဈေးဝယ်အမျိုးသမီး။ ။”သားငယ် ဒီအရုပ်ကဈေးပေါတယ် မယူနဲ့နော်။
သားလိုချင်ရင်ဒီလိုပုံစံ ဒီထက်ဈေးကြီးပြီးကောင်းတာဝယ်ပေးမယ်”
အမျိုးသမီးကြီးကပြောလည်းပြောရင်းထွက်သွားတာပေါ့။ကျွန်မလည်းထူးဆန်းတဲ့အရာမဟုတ်ဘဲနဲ့ကို အဲဒီအမျိုးသမီးနောက်ကိုအာရုံကပါသွားတယ်။အဲလိုပါသွားလို့လည်းကျွန်မမှာခံစားမှုလေးတစ်ခုရလာတာပေါ့။အဲဒီလိုနဲ့ဘဲ ခုန ဈေးဝယ်အမျိုးသမီးကြီးကနောက်ထပ်တစ်ဆိုင်ရောက်တော့သူ့သားလေးလိုချင်တဲ့အရုပ်လေးကိုတွေ့သွားသလိုဝယ်လည်းပေးလိုက်တယ်။အဲဒီအရုပ်ကအရင်ဆိုင်မှာတွေ့ခဲ့တဲ့အရုပ်နဲ့တပုံစံတထေရာတည်းဘဲ။ဒါပေမယ့်ကွာခြားတာတစ်ခုတော့ရှိတယ်။အဲဒါကတော့ဒီဆိုင်မှာက အဲဒီအရုပ်မျိုးကနည်းနည်းတွေ့ရပြီး ဆိုင်ရှင်ကလည်းဈေးတင်ပြီးရောင်းထားတာလေ။ဒါပေမယ့်လူ့သဘောကိုကပေါပေါများများတွေ့နေရရင်ဘဲတန်ဖိုးမရှိတော့သလို၊တန်ဖိုးနည်းသလိုထင်တတ်ကြတယ်။ဒီနေရာမှာမှ အရင်ဆိုင်ရှင်ပြောတဲ့စကားကိုထောက်ခံမိတော့တယ်။ဘာပြောသလဲဆိုရင်
ဆိုင်ရှင်။ ။”လူတွေများပစ္စည်းများများတင်ထားပြီးဈေးမှန်နဲ့ရောင်းတော့တန်ဖိုးနည်းတယ်ထင်ကြတယ်။”(တန်ဖိုး=ပစ္စည်းအရည်အသွေး)
အစကတော့ဒီဈေးသည်သူ့ပစ္စည်းမ၀ယ်လို့အပြစ်တင်စကားဆိုတယ်လို့ထင်ခဲ့မိတာ။နောက်တော့မှသူ့စကားမှန်ပါလားလို့ကောက်ချက်ချမိတယ်။ဘာလို့လဲဆိုတော့ဈေးဝယ်အမျိုးသမီးကြီးဝယ်လိုက်တဲ့အရုပ်ကသူ့ဆိုင်ကအရုပ်နဲ့တူပေမယ့်အဲဒီဆိုင်မှာကအရုပ်တွေကအများကြီးရှိနေတဲ့အပြင်ဈေးကလည်းချိုနေသေးတယ်လေ။ကျွန်မလည်းဘုရားပွဲဈေးကိုလည်နေရပေမယ့်ဆိုင်ရှင်ဈေးသည်ပြောတဲ့စကားကိုဘဲကြားယောင်နေမိသလိုအတွေးတခုလည်းဝင်လာခဲ့တယ်။”သြော်….လူတွေက ပေါပေါများများရတတ်တဲ့ပစ္စည်းဆိုရင်တန်ဖိုးမထားတတ်ကြပါလား…။ဒါပေမယ့်ပစ္စည်းတိုင်းမှာသူ့တို့ရှိထိုက်တဲ့တန်ဖိုးလေးတွေရှိနေကြတယ်လို့….ပေါ့။
(မှတ်ချက်။ ။လူတိုင်းကိုဆိုလိုခြင်းမဟုတ်ပါ။ဖြစ်တတ်သောလူ့သဘောလေးကိုဖော်ပြလိုသောဆန္ဒသက်သက်သာဖြစ်ပါသည်။)